
စစ်တပ်လုံခြုံရေးတင်ကျင်းပထားတဲ့ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ စံဝါအောင်းကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းခွဲ မဲရုံအနီးမှာ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့မနက် ၈ နာရီခွဲက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်–မန္တလေး ကားလမ်းမပေါ်မှာရှိတဲ့ စံဝါအောင်း အထက်တန်းကျောင်းခွဲရှေမှာ ဗုံးပေါက် ကွဲခဲ့တာ ဖြစ်ပြီး ဒီပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ပေမဲ့ ဒေသခံတွေ၊ မဲရုံစောင့် ဆရာ ဆရာမတွေကတော့ စိုးရိမ်နေတယ်လို့ မြို့ခံက ပြောပါတယ်။
“ဒီနေ့မနက် ၈ နာရီခွဲပြီး ၅ မိနစ်လောက်မှာ ပေါက်တာပါ။ လူထိခိုက်မှုတော့ မရှိဘူး။ ဒါပေမဲ့ မဲရုံအဖြစ် သတ်မှတ်ထားတဲ့ ကျောင်းရှေမှာ ပေါက်တာဆိုတော့ မဲရုံစောင့်မဲ့ ဆရာ ဆရာမတွေ၊ ဒေသခံတွေက မဲပေးမဲ့ရက်မှာ ထပ်ပြီး ဗုံးပေါက်လာမှာကို စိုးရိမ်နေကြပါတယ်။”
ဗုံးပေါက်ကွဲပြီးနောက်မှာတော့ စံဝါအောင်းကျောင်း အနီးအနားဒေသတွေနဲ့ ရန်ကုန်–မန္တလေး ကားလမ်းမတလျှောက်ကို စစ်ကောင်စီတပ်တွေက လက်ကျန်ဗုံး ရှိ၊မရှိ စစ်ဆေးရှာဖွေခဲ့ တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရွေးကောက်ပွဲ ပထမအဆင့်မှာ လယ်ဝေးမြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီ၊ တစညပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် တွေ ဝင်ရောက် ယှဉ်ပြိုင်ကြမှာပါ။
လယ်ဝေးမြို့နယ်မှာ ရပ်ကွက် ၇ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၆၀ အတွင်း မဲရုံစုစုပေါင်း ၁၅၁ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၂၂၈,၈၀၉ ယောက်ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ထုတ်ပြန်အချက်အရ သိရပါတယ်။
စစ်အုပ်စုက ပြုလုပ်မဲ့ ရွေးကောက်ပွဲကို ပြည်တွင်းနေထိုင်သူတွေနဲ့ နိုင်ငံတကာဘက်ကပါ ကန့်ကွက်နေကြသလို တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတွေ ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေကလည်း တိုက်တွန်းထားပါတယ်။


