
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ရေးအခြေအနေ မတည်ငြိမ်သေးတာကြောင့် ဒေသခံတွေကို မြို့တွင်းပြန်မဝင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကသာမြို့ ဒေသခံတယောက်က “မိုးတွင်းကာလကို ရောက်တော့မှာမို့လို့ နေရပ်ကို ပြန်နိုင်ရေးအတွက် ကြိုးစားနေကြရပါတယ်။ သူများမြို့ရွာမှာ နေထိုင်စားသောက်စရိတ်နဲ့ မိသားစုနဲ့ အိမ်လခနဲ့ ဘယ်လိုမှ နေလို့မရလို့ ပြန်ချင်တာပါ။ ဒါကို နားလည်ပေးကြဖို့အတွက်ပါပဲ။ ပြည်သူတွေကို ကာကွယ်တယ်ဆိုရင် ပြည်သူတွေရဲ့ဆန္ဒကိုလည်း အလေးထားပေးကြပါ” လို့ DVB ကို ပြောပါတယ်။
ကသာမြို့ဒေသခံတွေဟာ မြို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတာတွေကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ကတည်းက နေရပ်စွန့်ခွာလာကြတာဟာ တလကျော်ကြာပြီဖြစ်လို့ စားသောက်နေထိုင်ရေး ခက်ခဲလာတာကြောင့် နေရပ်ကို ပြန်ချင်နေတာလို့ ဆိုပါတယ်။
ကသာမြို့မှာ စစ်ရေးအခြေအနေ မတည်ငြိမ်သေးသလို ရပ်ကွက် ၅၊ ၈ နဲ့ ၉ တွေမှာလည်း နှစ်ဖက် အပြန်အလှန်ပစ်တာတွေ ဆက်ရှိနေတာကြောင့် နေရပ်ပြန်ဖို့ ပိတ်ထားတာလို့ ကသာ PDF တာဝန်ရှိသူက ပြောပါတယ်။
“တိုက်ပွဲကလည်း ဖြစ်နေတာ၊ မြို့ထဲရှိတဲ့ပြည်သူတွေကို မထိခိုက်မိအောင်တောင် မနည်းရှောင်ပြီး အလုပ်လုပ်နေကြရတာပါ။ အပြင်ရောက်နေတဲ့ မြို့သားတွေအနေနဲ့ ခဏတော့ သည်းခံဖို့သင့်တယ်။ ပြည်သူတွေရှိနေတော့ လုပ်ရကိုင်ရခက်နေတာ။ တော်လှန်ရေးအဖွဲ့က သာရင် ရှေ့တိုးလိုက်၊ စစ်တပ်ဘက်ကသာရင် နောက်ဆုတ်ပေးရလိုက်နဲ့ ဖြစ်နေတာ။ ဒီနေ့ တိုက်ပွဲမဖြစ်ပေမဲ့ နောက်နေ့ ထပ်ဖြစ်ဦးမှာ။”
စစ်ရေးအခြေအနေကြောင့် ဒေသခံတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မြို့အဝင်လမ်းတွေနဲ့ ရေလမ်းကြောင်းတွေကို ပိတ်ထားတာလို့ သိရပါတယ်။
လက်ရှိမှာတော့ နဘား၊ အင်းတော်၊ ကသာမြို့ဝင် လမ်းမကြီးကို PDF တပ်ဖွဲ့ ပိတ်ထားလို့ ဒေသခံတွေ လမ်းမကြီးဘေးက နီးစပ်ရာနေရာတွေမှာ စုဝေးစောင့်ဆိုင်းနေထိုင်နေတယ်လို့ သိရပါတယ်။


