
အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာပဲ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ အကြီးဆုံးအခြေစိုက်စခန်းဖြစ်တဲ့ အယ်လ်အူဒိ(ဒ်) စခန်းမှာ အမေရိကန်တပ်ဖွဲ့တွေဟာ သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပိုမိုမြန်ဆန်တဲ့ အနေအထားဖြစ်အောင် ပြင်ဆင်နေပါတယ်။
ဇန်နဝါရီလကစပြီး အီရန်နဲ့ တင်းမာမှုတွေ မြင့်တက်လာပြီးနောက်မှာ အခုလို စစ်ရေးလှုပ်ရှားမှုတွေ ထင်ထင်ရှားရှား ဖြစ်လာတာပါ။
အရင်က ပုံသေဒုံးလွှတ်စင်တွေမှာ ထားရှိတဲ့ ပက်ထရီယော့ထ် ဒုံးကျည်စနစ်တွေကို အခုခါ M983 အမျိုးအစား စစ်ရေးသုံးထရပ်ကားတွေပေါ် တင်ဆောင်ထားခြင်းကြောင့် အီရန်ဘက်က ရုတ်တရက် တိုက်ခိုက်လာခဲ့ရင် ဒုံးကျည်တွေကို နေရာအနှံ့ မြန်မြန်ဆန်ဆန် ပြောင်းရွှေ့နိုင်သလို တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့လည်း အမြန်တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။
ပက်ထရီယော့ထ် ဒုံးကျည်တွေကို မိုဘိုင်းထရပ်ကားတွေပေါ်မှာ တပ်ဆင်ထားတာကိုလည်း ဂြိုဟ်တုဓာတ်ပုံ လေ့လာဆန်းစစ်ချက်တွေအရ မြင်တွေ့ရပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေအရ ဖေဖော်ဝါရီလ အစောပိုင်းမှာ ကင်းထောက်လေယာဉ်တစင်း၊ ကုန်တင်ကုန်ချလေယာဉ် ၃ စင်း၊ လောင်စာဆီဖြည့်လေယာဉ် ၁၈ စင်းနဲ့ စစ်ဘက်သယ်ယူရေး လေယာဉ် ၇ စင်း ထပ်တိုးထားကြောင်း တွေ့ရှိရပါတယ်။
ဂျော်ဒန်နိုင်ငံ မူဝါဖ်ဖာ့က် အခြေစိုက်စခန်းမှာလည်း တိုက်လေယာဉ်တွေနဲ့ A-10 အပေါ့စား တိုက်လေယာဉ်တွေ တိုးမြှင့်ချထားသလို အိန္ဒိယသမုဒ္ဒရာထဲက ဒီယေဂို ဂါစီယာကျွန်းနဲ့ ဆော်ဒီအာရေဗျက စခန်းတွေမှာလည်း သယ်ယူပို့ဆောင်ရေးနဲ့ ဆီဖြည့်လေယာဉ်တွေ အလုံးအရင်းနဲ့ ရောက်ရှိနေတာကို ဂြိုဟ်တုပုံရိပ်တွေမှာ ပြနေပါတယ်။
အမေရိကန်အခြေစိုက်စခန်းတွေဟာ အရှေ့အလယ်ပိုင်းမှာ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အိုမန်၊ တူရကီနဲ့ အိန္ဒိယသမုဒ္ဒရာရှိ ဒီယေဂို ဂါစီယာတို့မှာလည်း အသီးသီး ရှိကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ဒေသတွင်း လှုပ်ရှားမှုတွေအပေါ် ဗုံးကြဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ပင်တဂွန်ကတော့ အခုသတင်းအပေါ် မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။
တဖက်မှာလည်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က အီရန်ပိုင်နက်တွေကို လာတိုက်ခိုက်ရင် ဒေသတွင်းရှိ ဘယ်အမေရိကန်စခန်းကိုမဆို လက်တုံ့ပြန်သွားမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
အီရန်မှာ တီဟီရန်အနီးက မြေအောက် ဒုံးကျည်အဆောက်အအုံတွေအပြင် ကာမန်ရှား၊ ဆမ်းနန်နဲ့ ပင်လယ်ကွေ့ ကမ်းရိုးတန်းအနီးမှာပါ ဒုံးကျည်စခန်းတွေ ရှိတာပါ။
အီရန်ကလည်း သူတို့ရဲ့ ဒရုန်းတင်သင်္ဘော အိုင်းရစ်စ် ရှာဟစ်ဒ် ဘာဂါရီကို ပါရှန်းပင်လယ်ကွေ့ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်-အီရန် ဆက်ဆံရေးတင်းမာမှုတွေကြောင့် ဒေသတွင်းမှာ နှစ်ဖက်စလုံးက စစ်ရေးအင်အားတွေ အပြိုင်အဆိုင် ပြသနေကြတာ ဖြစ်ပါတယ်။
Source: Reuters


