
ကွန်မြူနစ်အုပ်ချုပ်တဲ့ ကျူးဘားကျွန်းနိုင်ငံရဲ့ ရေနံထောက်ပံ့မှုကို ဖြတ်တောက်ဖို့ အမေရိကန်ပြည်ထောင်စုက ကြိုးပမ်းနေချိန်မှာပဲ ကျူးဘားအစိုးရဟာ ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး ကျွန်းပေါ်မှာ ဂျက်လေယာဉ်လောင်စာဆီ ရရှိနိုင်တော့မှာ မဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၉ ရက်မှာ နိုင်ငံတကာလေကြောင်းလိုင်းတွေကို သတိပေး ထုတ်ပြန်ပါတယ်။
တချိန်တည်းမှာပဲ ကျူးဘားကို လောင်စာဆီရောင်းချတဲ့ နိုင်ငံတွေကို သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကြောင့် ကျူးဘားရဲ့ အဓိက ရေနံပံ့ပိုးသူ ဖြစ်လာတဲ့ မက္ကဆီကိုနိုင်ငံကလည်း ရေနံတင်ပို့မှု ယာယီရပ်ဆိုင်းထားကြောင်း မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းမ် ကလည်း အတည်ပြု ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၈ ရက် နှောင်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ အသိပေးစာ (NOTAM) အရ အခုဆီပြတ်လပ်မှုဟာ ဖေဖော်ဝါရီ ၁၀ ရက်ကနေ မတ် ၁၁ ရက်အထိ တလနီးပါး ဆက်ရှိနေမှာဖြစ်ပြီး မကြာသေးခင်က လေကြောင်းခရီးစဉ်တွေ မထိခိုက်ကြောင်း ဖေဖော်ဝါရီ ၆ ရက်က အစိုးရထိပ်တန်းအရာရှိတွေရဲ့ ပြောထားချက်နဲ့ ဆန့်ကျင်နေပါတယ်။
အရင်က ကျူးဘားဟာ ဗင်နီဇွဲလားကနေ ရေနံအမြောက်အမြား ရရှိခဲ့ပေမဲ့ ဒီဇင်ဘာလလယ်ပိုင်း အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် အဲဒီလမ်းကြောင်းလည်း ရပ်တန့်သွားခဲ့ပါတယ်။
သမ္မတ ရှိန်းဘောင်းမ်ကတော့ အမေရိကန်ရဲ့ ဒီပိတ်ဆို့မှုတွေဟာ “အတော်မတရားဘူး” လို့ ဝေဖန်လိုက်ပြီး နိုင်ငံရေးအမြင်တွေကြောင့် သာမန်ပြည်သူတွေ ဒုက္ခမရောက်သင့်ကြောင်း ပြောခဲ့ပါတယ်။
ရေနံပို့ဆောင်မှုကို ရပ်နားထားပေမဲ့ စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူအညီ တန်ချိန် ၈၀၀ ကျော်ကိုတော့ မက္ကဆီကိုကနေ ကျူးဘားကို ပို့ဆောင်ပေးထားပါတယ်။
အရင်နှစ်တွေကလည်း ကျူးဘားမှာ ဆီပြတ်လပ်မှုတွေကို ကြုံတွေ့ခဲ့ဖူးပြီး လေကြောင်းလိုင်းတချို့က ပနားမား၊ ဘာဟားမားနဲ့ အမေရိကန် တို့လို တတိယနိုင်ငံတွေမှာ ဆီဖြည့်ကာ ခရီးစဉ်တွေကို ဆက်လက်ပြေးဆွဲခဲ့ကြတာပါ။
လက်ရှိမှာတော့ ကျူးဘားကို ပျံသန်းနေတဲ့ လေကြောင်းလိုင်းအချို့ဟာ ပနားမားနဲ့ ဘဟားမားစ်လို တတိယနိုင်ငံတွေမှာ ဆီဖြည့်တာမျိုးတွေ လုပ်ဆောင်နေရပြီး လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ လောင်စာဆီ တန်းစီရမှုတွေကြောင့် ကျူးဘားပြည်သူတွေဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
Source: Reuters


