
အမေရိကန်ပြည်ထောင်စုက ကွန်ပျူတာချစ်ပ်တွေ အပါအဝင် နည်းပညာထုတ်ကုန်တွေကို ဝယ်ဖို့ သဘောတူတာနဲ့ ကွဲပြားတဲ့ ရေနံအရင်းအမြစ်တွေကို လက်လှမ်းမီစေတာတို့ဟာ အိန္ဒိယနဲ့ အမေရိကန် ၂ နိုင်ငံစလုံး ကုန်သွယ်ရေးသဘောတူညီချက်တခု ရစေဖို့ ကူညီပေးလိမ့်မယ်လို့ အိန္ဒိယကုန်သွယ်ရေးဝန်ကြီး ပီယုရှ် ဂိုယယ်က ဖေဖော်ဝါရီ ၈ ရက်မှာ ပြောတယ်။
အမေရိကန်နဲ့ အိန္ဒိယတို့ဟာ ဖေဖော်ဝါရီ ၆ ရက်မှာ ကုန်သွယ်ရေး သဘောတူညီချက်တခုနဲ့ ပိုနီးကပ်လာခဲ့တာပါ။
၂ နိုင်ငံစလုံးက ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်တွေကို ပြန်ညှိနှိုင်းဖို့ ကြိုးပမ်းနေချိန်မှာ အခွန်လျှော့ချဖို့၊ စွမ်းအင်ဆက်ဆံရေးကို ပြန်ပုံဖော်ဖို့နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေဖို့ ယာယီမူဘောင်တခုကို ထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယ ရေနံကုမ္ပဏီတွေက အထောက်အပံ့တွေကို ဘယ်နေရာကနေ ရယူရမလဲ ဆိုတာကို ဆုံးဖြတ်ချက်တွေ ချခဲ့ပေမဲ့ အမေရိကန်ရဲ့ဝယ်ယူခြင်းက အိန္ဒိယရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေနဲ့လည်း သက်ဆိုင်တယ်လို့ ဂိုယယ်က ပြောပါတယ်။
ကုန်သွယ်ရေးမူဘောင်နဲ့ ပတ်သက်တဲ့ အမေရိကန်-အိန္ဒိယ ကြေညာချက်မှာ ရုရှားရေနံကို မဖော်ပြထားပေမဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားရေနံဝယ်ယူမှုတွေအပေါ် ပြဋ္ဌာန်းထားတဲ့ အိန္ဒိယကုန်ပစ္စည်းတွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမှုကို ရုပ်သိမ်းခဲ့ပါတယ်။
အိန္ဒိယအစိုးရကလည်း ရုရှားရေနံတင်သွင်းမှုကို “တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် ရပ်တန့်ဖို့” ကတိပြုထားပါတယ်။
အိန္ဒိယအစိုးရက ရုရှားရေနံတင်သွင်းမှုကို ရပ်တန့်ဖို့ အစီအစဉ်တွေကို တရားဝင် မကြေညာသေးပါဘူး။
၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးတဲ့နောက် အိန္ဒိယဟာ ရုရှားရေနံစိမ်းတွေကို ဈေးလျှော့ဝယ်ယူတဲ့ ထိပ်တန်းဝယ်ယူသူ ဖြစ်လာခဲ့ပါတယ်။
ဒေတာစင်တာတွေ၊ ဉာဏ်ရည်တု AI နဲ့ ကွမ်တမ်ကွန်ပျူတာစွမ်းရည်တွေနဲ့ ပတ်သက်လာရင် အမေရိကမှာ ယှဉ်ပြိုင်နိုင်တဲ့ စျေးနှုန်းတွေနဲ့ အရည်အသွေးမြင့်မြင့် ထုတ်နိုင်ပြီး အိန္ဒိယစီးပွားရေးကို ပံ့ပိုးပေးနိုင်တဲ့ အလွန်ကောင်းတဲ့ စွမ်းရည်တွေ ရှိတယ်လို့ ဂိုယယ်က ပြောပါတယ်။
အိန္ဒိယဟာ ဉာဏ်ရည်တု AI အပလီကေးရှင်းတွေအတွက် သုံးလေ့ရှိတဲ့ ဂရပ်ဖစ်ပရိုဆက်ဆာ ယူနစ်တွေလို နည်းပညာထုတ်ကုန်တွေနဲ့ ဒေတာစင်တာတွေမှာသုံးတဲ့ တခြားကုန်ပစ္စည်းတွေ အပါအဝင် ၅ နှစ်တာကာလအတွင်း အမေရိကန်ကုန်ပစ္စည်းတွေကို အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံနဲ့ ဝယ်မယ်လို့ သောကြာနေ့ ထုတ်ပြန်ချက်က အတည်ပြုခဲ့ပါတယ်။
Source: Reuters


