
အမေရိကန်ဟာ လွန်ခဲ့တဲ့ ၁၄ နှစ်၊ ၂၀၁၂ ခုနှစ်က လစ်ဗျားနိုင်ငံ၊ ဘင်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခဲ့ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ သံသယရှိသူ ဇူးယာ အယ်လ်-ဘာကူးရှ်ကို ဖမ်းဆီးလိုက်ပြီး အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ရှေ့နေချုပ်ပမ်ဘွန်ဒီက ဖေဖော်ဝါရီ ၆ ရက်မှာ ပြောပါတယ်။
Fox သတင်းချန်နယ်က ထုတ်လွှင့်တဲ့ ရုပ်သံအရ ဇူဘေယာအယ်လ်ဘာကူးရှ်ကို ဖေဖော်ဝါရီ ၆ ရက်မှာ အမေရိကန်ရှိ တည်နေရာ မဖော်ပြထားတဲ့ နေရာတခုကို ရောက်ရှိလာတာကို ပြသထားပါတယ်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ ဘန်ဂါဇီ တိုက်ခိုက်မှုအတွင်း အမေရိကန် သံဝန်ထမ်း ၄ ယောက်သေဆုံးခဲ့ပါတယ်။
အစပိုင်းမှာ ဒီဖြစ်စဉ်ဟာ ဆန္ဒပြပွဲကနေ အလိုလို ဖြစ်ပေါ်လာတဲ့ ပဋိပက္ခလို့ ထင်မြင် ယူဆခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ အယ်လ်ကိုင်ဒါးနဲ့ ဆက်နွှယ်တဲ့ အစွန်းရောက် အကြမ်းဖက်အုပ်စုတွေရဲ့ စနစ်တကျ ကြိုတင်ကြံစည်ထားတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။
အယ်လ်-ဘာကူးရှ်ကို လူသတ်မှု၊ မီးရှို့မှုနဲ့ အကြမ်းဖက်မှုဆိုင်ရာ စွဲချက်တွေ အပါအဝင် ပြစ်ချက် ၈ ခုနဲ့ ရင်ဆိုင်ရမယ်လို့ ကိုလံဘီယာခရိုင် အစိုးရရှေ့နေ ဂျနင်းပီရိုက ပြောပါတယ်။
သူဟာ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုခံရတဲ့ တတိယမြောက် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အရင်က အာမက်အဘူ ခါတယ်လာနဲ့ မူစတာဖာ အယ်လ်-အီမမ် တို့ကို ဖမ်းဆီးပြီး ထောင်ချထားပြီးဖြစ်ပါတယ်။
နောက်ထပ် သံသယရှိသူ အလီအောနီ အယ်လ်ဟာဇီကတော့ ၂၀၁၅ ခုနှစ်မှာ အီရတ်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုတခုမှာ သေဆုံးခဲ့ပါတယ်။ အခုတခါ ဖမ်းဆီးရမိတဲ့ အယ်လ်-ဘာကူးရှ်ကို အမေရိကန် တရားရုံးမှာ ဆက်လက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ဘင်ဂါဇီတိုက်ခိုက်မှုဟာ လစ်ဗျားနိုင်ငံရဲ့ မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေကို မီးမောင်းထိုးပြခဲ့တဲ့ သင်္ကေတ တခုဖြစ်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် အမေရိကန်ပြည်ထောင်စုမှာ စုံစမ်းစစ်ဆေးမှု အများအပြားကို ဖြစ်ပေါ်စေခဲ့ပြီး အမေရိကန်နိုင်ငံရေးမှာလည်း ဂယက်ရိုက်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်က ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေဟာ အဲ့ဒီအချိန်တုန်းက နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဟီလာရီကလင်တန်တို့အကြား နိုင်ငံရေး အငြင်းပွားမှုတွေကိုပါ ဖြစ်စေခဲ့ပါတယ်။
Source: Reuters


