
အမေရိကန်နိုင်ငံအတွက် အမျိုးသားအရေးပေါ်အခြေအနေ၊ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့နိုင်ငံ အဖြစ် မြန်မာနိုင်ငံကို တနှစ်သက်တမ်းထပ်တိုးကြောင်း အိမ်ဖြူတော်က ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၅ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒီနှစ်ထုတ်ပြန်လာတဲ့ ကြေညာချက်မှာ အရင်နှစ်တွေကနဲ့မတူတဲ့ မူဝါဒရေးရာ သဘောထားအချက်တချို့ ပါဝင်လာတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
အရင်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေကို ဗဟိုပြုတဲ့ စဉ်းစားချက် ဖြစ်ခဲ့ပေမဲ့ အခုကြေညာချက်မှာတော့ အမေရိကန်အကျိုးစီးပွားကို ဦးစားပေးတဲ့ လက်တွေ့အကျိုးမျှော်ဝါဒ စဉ်းစားချက် ဖြစ်လာတာပါ။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုလျှော့ချရေး၊ တည်ငြိမ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးတို့ကို လိုလားကြောင်း အိမ်ဖြူတော် ကြေညာချက်မှာ ထည့်သွင်း ဖော်ပြလာပါတယ်။
လတ်တလောမှာ အမေရိကန်အစိုးရဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ် တစုံလုံးကို ကြည့်ပြီး မူဝါဒရေးရာ စဉ်းစားဆုံးဖြတ်တာလို့ လေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။
မြန်မာ့ဒီမိုကစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “လူ့အခွင့်အရေးတွေကို ဗဟိုပြုပြီးတော့မှ နိုင်ငံတော် အရေးပေါ်ကြေညာချက်ကို လုပ်တာပဲဖြစ်ဖြစ် အမေရိကန် အကျိုးစီးပွားအတွက်ကို အဓိကဦးတည်ပြီးတော့ လုပ်တာပဲဖြစ်ဖြစ် သေချာတာကတော့ မြန်မာနိုင်ငံတွင်းက မတည်ငြိမ်မှုတွေ၊ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ မတည်ငြိမ်မှုတွေဟာ အမေရိကန်နိုင်ငံအတွက် အရေးကြီးတဲ့ကဏ္ဍမှာ ရှိတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာကို သူ လျှော့ချချင်တယ်၊ တည်ငြိမ်မှုကို လုပ်ချင်တယ် ဆိုပြီးတော့မှ ပါတယ်။ ဒါတွေကို လုပ်ကိုင်ဖို့အတွက် ဆက်ပြီးတော့မှ ပြည်သူလူထုကို သတ်ဖြတ်နေတာတွေ၊ လေယာဉ်နဲ့ ဗုံးကြဲနေတာတွေ ဒါတွေကို ကိုင်တွယ်ဖြေရှင်းပြီးမှသာလျှင် တည်ငြိမ်မှုတွေဆိုတာ ဖြစ်လာမှာဖြစ်တယ်။ အဲဒီဟာကို အစိုးရပိုင်းက နားလည်သဘောပေါက်လာအောင် ကျမတို့တွေက အသိပေးဖို့လိုအပ်တယ်၊ တိုက်တွန်းဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။
၁၉၇၆ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တဲ့ National Emergency Act (NEA) နဲ့အညီ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံအတွက် အမျိုးသားအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားတာပါ။
အရင်နှစ်တွေက ကြေညာချက်တွေမှာ စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းတာ၊ ပြည်သူလူထုရဲ့ဆန္ဒကို ငြင်းပယ်တာ၊ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေးနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက်စေတာ စတဲ့အချက်တွေကို ဖော်ပြခဲ့ပေမဲ့ အခုနှစ်ကြေညာချက်မှာ ဒီအချက်တွေ မပါဝင်ခဲ့ပါဘူး။
အဲဒီနေရာမှာ အကြမ်းဖက်မှုလျှော့ချရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှု တိုးမြှင့်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းချက်ကိုပဲ ကြေညာချက်မှာ အဓိကထား ဖော်ပြထားပါတယ်။
ကြေညာချက် ထွက်လာတာကြောင့် မူလရှိပြီးသား အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်ရှိနေမှာဖြစ်ပြီး အမေရိကန်အကျိုးစီးပွားကာကွယ်ဖို့ ဖိအားကို လိုအပ်သလို ချိန်ညှိဖို့ ပြင်ဆင်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။
လော့စ်အိန်ဂျယ်လိစ် မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “တွေ့ဆုံဆွေးနွေးတာက သူတို့ သိပ်ပြီးတော့ အားမလျော့ခင်လေ တွေ့ဆုံဆွေးနွေးရင် သူတို့လိုချင်တာ တဝက်ရမယ်ပေါ့လေ၊ သူတို့က အဲဒီမျှော်လင့်ချက်နဲ့ အဲဒါမျိုး လုပ်နေတာပေါ့လေ။ သူတို့ လော်ဘီတွေကတွန်းတော့ လော်ဘီတွေ သဘောကျအောင်တော့ နည်းနည်းပါးပါး ဒီကလုပ်ပေးမှာပေါ့နော်။ သူတို့ငှားထားတဲ့ လော်ဘီတွေက ရီပတ်ဘလစ်ကန် လော်ဘီတွေလေ။ တကယ် ဘာဖြစ်လာလဲဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် တွေ့ဆုံဆွေးနွေးတဲ့ဘက်ကို သိပ်သွားနေတယ်၊ ထရမ့်ပ်ကလည်း အဲဒီ ဒိုင်ယာလော့ခ် လုပ်တာကို သိပ်သဘောကျတယ်ဗျ။ သူက နိုဘယ်လ်ငြိမ်းချမ်းရေးဆုတွေ ဘာတွေ သိပ်လိုချင်တာကိုး။ ယိုးဒယားနဲ့ ကမ္ဘောဒီးယား ကြားထဲမှာတောင် သူ ဝင်စေ့စပ်လိုက်သေးတယ်လေ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၄ ရက်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာ့လွတ်လပ်ရေးနေ့ ထုတ်ပြန်ချက်မှာလည်း စေ့စပ်ဆွေးနွေးရေး တိုက်တွန်းချက် ပါဝင်ခဲ့ပါတယ်။
နှစ်ဆန်းပိုင်းမှာ ထွက်လာတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကြေညာချက် ၂ စောင်လုံးမှာ ဒီအချက် ပါဝင်နေတာကြောင့် အမေရိကန်အစိုးရရဲ့ မြန်မာ့အရေးကို ရှေ့ဆက်ချဉ်းကပ်မဲ့ မူဝါဒမှာ တွေ့ဆုံဆွေးနွေးရေးဟာ အဓိကလိုလားချက် ဖြစ်လာတာပါ။
ဒီအခြေအနေမှာ ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေဟာ စုစည်းညီညွတ်ပြီး လုပ်ငန်းတခုကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိကြောင်း နိုင်ငံတကာကို ပြသနိုင်ဖို့ လိုအပ်နေပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုရင်အေးက “တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို တွန်းလာတယ်ဆိုတာ သွားတွေ့ရတယ်။ သိပ်အန္တရာယ်ကြီးပါတယ်။ နွေဦးတော်လှန်ရေးမှာ ဦးဆောင်မှုကဏ္ဍကနေ သွားနေကြတဲ့ အင်အားစုတွေ ဒါကို လေးလေးနက်နက်စဉ်းစားပြီး ပြင်ဆင်ထားဖို့လိုတယ်။ သေချာပေါက် နိုင်ငံတကာရဲ့ ဖိအားပေးတာတွေ လာတော့မယ်၊ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့တွေ လာတော့မယ်။ စစ်ကောင်စီက တသက်လုံး ဘယ်တုန်းကမှ မကြုံဖူးတဲ့ ဆုံးရှုံးမှုတွေ ကြုံနေရတယ်ဆိုတော့ ဒါဟာ ကျနော်တို့ဘက်မှာ အားသာမှုတွေ ရှိနေတဲ့အခါမှာလည်း တွေ့ဆုံဆွေးနွေးရေးဆိုတာ နိုင်ငံတကာရဲ့ ဖိအားဆိုတာ လာမှာပဲဆိုတော့ အဲဒီအတွက်ကို ကျနော်တို့အားလုံး ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေလည်း ပါတယ်ဗျ။ CRPH, NUG, NUCC အထူးသဖြင့် NLD ပေါ့နော်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီကိစ္စကို သေသေချာချာ ကြိုတင်ပြင်ဆင်ထားသင့်တယ်။ ဒိုင်ယာလော့ခ်အကြောင်း ပြောပြီဆိုရင် Bilitral Agreement လုပ်လို့မရဘူး။ ရှိသမျှ စစ်ပွဲတွေမှာ ပါဝင်ပတ်သက်နေတဲ့ အင်အားစုတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးတဲ့ ပေါ်လစီကို ကိုင်ရမယ်၊ ကျနော်တို့ဘက်က” လို့ ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးရာမူဝါဒနဲ့ လိုလားချက် အပြောင်းအလဲ အနည်းငယ် ဖြစ်လာပေမဲ့ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေဟာ မကောင်းဘူးဆိုတဲ့ အခြေခံအယူအဆကတော့ မပြောင်းလဲသေးပါဘူး။
မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ နိုင်ငံ ဖြစ်ကြောင်း ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ သမ္မတ ဂျိုးဘိုင်ဒင်က စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီကြေညာချက်ကို အိမ်ဖြူတော်က ၅ နှစ်ဆက်တိုက် သက်တမ်းထပ်တိုးခဲ့တာ ဖြစ်ပါတယ်။
သုတချမ်းသာ


