
အမေရိကန်နိုင်ငံဟာ စမတ်ဖုန်းတွေကနေ လက်နက်တွေအထိ ထုတ်လုပ်တဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့ ဓာတ်သတ္တုအရင်းအမြစ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုးပမ်းနေပါတယ်။
အရေးကြီးသတ္တုလုပ်ငန်း နယ်ပယ်မှာ တရုတ်နိုင်ငံအနေနဲ့ အဓိကလွှမ်းမိုးထားနိုင်တဲ့အလျောက် အမေရိကန်က ဒါကို တန်ပြန်ဖို့အတွက် ပြင်ဆင်လာခဲ့တာပါ။
ဒါကြောင့် ဖေဖော်ဝါရီ ၄ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပထမဆုံးအနေနဲ့ “အရေးပါတဲ့ သတ္တုအရင်းအမြစ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး” ကျင်းပခဲ့ပါတယ်။
အဲဒီနောက် ကုန်သွယ်ရေးမဟာမိတ်အဖွဲ့တခု ပေါ်ပေါက်လာစေရေးအတွက် ရည်ရွယ်ပြီး အိန္ဒိယ၊ ဂျပန်နဲ့ ကွန်ဂို စတဲ့ ၅၅ နိုင်ငံ အပါအဝင် ဥရောပသမဂ္ဂ (EU) လိုမျိုး အဖွဲ့အစည်းတွေပါ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကတော့ “ဓာတ်သတ္တုတွေဟာ နိုင်ငံတနိုင်ငံတည်းရဲ့ လက်ထဲမှာတင် အလွန်အမင်း စုပုံနေတယ်” ဆိုပြီး တရုတ်နိုင်ငံကို ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။
အဲဒီအခြေအနေအရ “ပထဝီနိုင်ငံရေးမှာ အသာစီးရဖို့ အသုံးချနိုင်တဲ့ လက်နက်တခု” ဖြစ်လာတယ်လို့လည်း ဖြည့်စွက် ပြောသွားပါတယ်။
ဒါ့အပြင် မြေရှားလိုမျိုး ဓာတ်သတ္တုဟာ ကွန်ပျူတာချစ်ပ်တွေ၊ လျှပ်စစ်ကားဘက်ထရီတွေနဲ့ အဆင့်မြင့်လက်နက်တွေ ထုတ်လုပ်တဲ့နေရာမှာ အလွန်အရေးကြီးတာကြောင့် လုံလုံလောက်လောက် ဝယ်ယူရရှိနိုင်ဖို့နဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေကြား ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်၊ ဂျပန်နဲ့ ဥရောပကော်မရှင်ကလည်း အရေးကြီး သတ္တုဆိုင်ရာ “ကုန်သွယ်ရေးမူဝါဒတွေ နဲ့ လုပ်ထုံးလုပ်နည်းတွေ” ကို ရေးဆွဲလျက်ရှိကြောင်း သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ “Project Vault” အမည်ရ ဒေါ်လာ ၁၂ ဘီလီယံနီးပါး တန်ကြေးရှိတဲ့ အရေးကြီးဓာတ်သတ္တုသိုလှောင်ရေး စီမံကိန်းတခုကို ထူထောင်မဲ့အကြောင်း ကြေညာထားပါတယ်။
လွန်ခဲ့တဲ့နှစ် အောက်တိုဘာလမှာ တရုတ်ဘက်က သတ္တုတင်ပို့ရေး ကန့်သတ်ချက်တွေကို တင်းကျပ်လိုက်တဲ့အခါ အဲဒီသွင်းကုန်တွေအပေါ် အလွန်အမင်း မှီခိုနေရတဲ့ အမေရိကန် စက်မှုကဏ္ဍအတွက် အကြီးအကျယ် အထိနာစေခဲ့ပါတယ်။
နောက်ဆက်တွဲအဖြစ် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ပြုလုပ်တဲ့အခါ အမေရိကန်ဘက်က စည်းကြပ်ခွန်နဲ့ တရုတ်ရဲ့ မြေရှားသတ္တုကို အပြန်အလှန် ဖိအားပေးဖို့အတွက် အသုံးချလေ့ရှိကြောင်း ဖော်ပြပါတယ်။
Source: Reuters


