
သမ္မတထရမ့်ပ် လက်မှတ်ရေးထိုးလိုက်တဲ့ အမေရိကန်အစိုးရ အသုံးစရိတ် ဥပဒေကြမ်းမှာ VOA အတွက် ဒေါ်လာ ၁၉၉ သန်းကျော် အသုံးပြုဖို့အချက် ပါဝင်လာပါတယ်။
ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ အသုံးပြုမဲ့ ၂၀၂၆ ခုနှစ်အတွက် အမေရိကန်အစိုးရ အသုံးစရိတ် ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၃ ရက်မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်တာပါ။
အစိုးရအသုံးစရိတ်မှာ VOA ရဲ့ မိခင်အဖွဲ့အစည်း ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ (USAGM) အတွက် ဒေါ်လာ ၆၄၃ သန်း အသုံးပြုဖို့ ဖော်ပြထားပြီး အဲဒီအထဲကနေ VOA အတွက် ၁၉၉ ဒသမ ၅ သန်း အသုံးပြုဖို့ ရည်ညွှန်းထားပါတယ်။
ဥပဒေကြမ်းပါ ဖော်ပြချက်တွေအရ အေဂျင်စီက ထောက်ပံ့ပေးထားတဲ့ RFA/ RFE/ Radio Liberty အပါအ၀င် တခြားသတင်းမီဒီယာ အဖွဲ့အစည်းတွေအတွက်လည်း အသုံးစရိတ် အသီးသီး ချမှတ်ပေးထားတာ တွေ့ရပါတယ်။
လွှတ်တော်က ဘတ်ဂျက်တွေ ချထားပေးခဲ့ပေမဲ့ အစိုးရနဲ့ USAGM က အသံလွှင့်လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်ဖို့ ဝန်ထမ်းတွေဆီကို အကြောင်းကြားလာတာမျိုး မရှိသေးဘူးလို့ VOA မြန်မာပိုင်းဝန်ထမ်းတယောက်က ပြောပါတယ်။
VOA မြန်မာပိုင်း အစီအစဉ်တင်ဆက်သူ ဒေါ်အင်ကြင်းနိုင်က “USAGM ကနေ ကျမတို့ဝန်ထမ်းတွေ အလုပ်ပြန်လုပ်ဖို့ ဆိုပြီးတော့ ပြန်ခေါ်တာတော့ မရှိသေးဘူး။ VOA အသံလွှင့်လုပ်ငန်းတွေ အရင်အတိုင်း ပြန်ပြီးလည်ပတ်ဖို့ ဆိုတာကိုတော့ ဆက်ပြီးတော့ ရင်ဆိုင်ရဦးမယ်လို့တော့ မြင်တယ်။ ခုလက်ရှိမှာက ဝါရှင်တန်ဒီစီက ဖက်ဒရယ်တရားရုံးမှာ VOA ဝန်ထမ်းတွေဘက်က ထရမ့်ပ်အစိုးရကို တရားစွဲထားတဲ့အမှုက ဆက်ပြီးတော့ ရှိနေတယ်။ VOA ကို အရင်အတိုင်း ပြန်ပြီးလည်ပတ်ဖို့ ဖက်ဒရယ်တရားရုံးက ပဏာမဆုံးဖြတ်ချက် မနှစ်ကတည်းက ချမှတ်ထားတဲ့ကိစ္စကိုလည်း ထရမ့်ပ်အစိုးရဘက်က အယူခံတရားရုံးအထိ ဆက်ပြီးတော့ တင်ထားတာပေါ့နော်။ ကျမတို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပေါ့နော်။ ချက်ချင်းပေါ့ သတင်းခန်းတွေကနေ ဆွဲထုတ်ခံထားရတယ်။ တနေ့တနေ့ ကျမတို့ VOA ကို ပြန်ပြီးတော့ သွားရမှာလား၊ ကျမတို့ရဲ့ ရပ်တည်ရေးတွေဟာ ဘယ်လို ဆက်ဖြစ်လာနိုင်မလဲ။ မရေရာမှု၊ မသေချာမှုတွေ၊ မိသားစုတာဝန်တွေ၊ ကျမတို့မှာ အမြဲတမ်း ကြောင့်ကြရတယ်ပေါ့လေ” လို့ ပြောပါတယ်။
VOA ဝန်ထမ်း ၅၀၀ ကျော်ကို အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ခဲ့တဲ့ အစိုးရရဲ့လုပ်ရပ်ကို ယာယီရပ်ဆိုင်းလိုက်ပြီး နောက်ထပ်မဆောင်ရွက်ဖို့ကိစ္စ အပါအဝင် အချက် ၅ ချက်ပါတဲ့ အမိန့်စာကို ၂၀၂၅ ခု စက်တင်ဘာ ၂၉ ရက်မှာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီခရိုင် တရားသူကြီး လမ်းဘတ်သ်က အမိန့်ချမှတ် ထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ၂ ဖက် လျှောက်လဲချက်တွေ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နောက်ဆုံးထား တင်သွင်းဖို့ ဒီစီဖက်ဒရယ်တရားရုံးက ညွှန်ကြားထားပါတယ်။
VOA အမှုတွေမှာ ဖက်ဒရယ်တရားရုံးက ဝန်ထမ်းတွေဘက်က ရပ်တည်ခဲ့ပေမဲ့ ထရမ့်ပ်အစိုးရက အယူခံတရားရုံးကို ဆက်တက်ထားပြီး အမှုအသွားအလာအရ အချိန်ကြာလိမ့်မယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
မြန်မာ့ဒီမိုကစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “Voice of America နဲ့ပတ်သက်တဲ့ အသုံးစရိတ်တွေအတွက်ကို လက်မှတ်ထိုးလိုက်တာဟာ ကောင်းမွန်တဲ့အနေအထားဖြစ်တယ်၊ ဒါပေမဲ့ ကျမတို့က ဒီအတိုင်းထိုင်နေလို့မရဘူး၊ သူတို့မှာက အပြောင်းအလဲတွေ အများကြီးရှိတယ်။ ဖွဲ့စည်းတည်ဆောက်ပုံအပိုင်းအရရော၊ နောက် နိုင်ငံရေးပိုင်းအရရောပေါ့နော်။ ဒီထဲမှာ ထဲထဲဝင်ဝင် သိအောင်လုပ်ပြီးတော့၊ ပါဝင်ပြီးတော့ ကျမတို့ အများကြီး တိုက်တွန်းရဦးမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
လော့စ်အိန်ဂျယ်လိစ်မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “ကျနော်တို့အနေနဲ့ကျတော့လည်း VOA ရှိလို့ရှိရင် VOA ကနေပြီးတော့ မြန်မာ့အသံထွက်နေတယ်ဆိုရင် ကျနော်တို့တော်လှန်ရေးအတွက် အကျိုးရှိမယ်ထင်လို့ အားပေးတာပေ့ါဗျာ။ လွှတ်တော်ကိုပဲ ကျနော်တို့ ချဉ်းကပ်လို့ရမယ်၊ အုပ်ချုပ်ရေးပိုင်းဘက်ကတော့ သူတို့ပေါ်လစီနဲ့ ဒါတွေကို ရပ်ဆိုင်းထားတာကိုး။ ကျနော်တို့ အဲဒီဘက်ကတော့ ဘာမှသိပ်လုပ်လို့ရမဲ့ အလားအလာတော့ မတွေ့ဘူးဗျ။ လွှတ်တော်က လူတွေကတော့ အားပေးနေတယ်ဆိုတော့ ပြောသင့်ပြောထိုက်တဲ့အချိန်ဆိုရင် ကျနော်တို့တွေ မှန်မှန်တောင်းဆိုကြတာပေါ့လေ” လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ၂၀၂၅ ခု မတ် ၁၄ ရက်မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ (USAGM) အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင်ထားဖို့ ညွှန်ကြားချက်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။
ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက်မှာ USAGM ထိပ်တန်းရာထူးနေရာတွေကို လူစားထိုးတာ၊ VOA ဝန်ထမ်းအများအပြားကို အလုပ်က ထုတ်ပယ်ကြောင်း စာပို့တာ၊ အသံလွှင့်လုပ်ငန်းတွေ ရပ်ဆိုင်းတာ စတာတွေကို အစိုးရက ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အစိုးရလုပ်ငန်းတွေအားလုံးရဲ့ ငွေကြေးသုံးစွဲမှုနဲ့ ဝန်ထမ်းခန့်အပ်မှု အခြေအနေတွေကို ပြန်လည်သုံးသပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
သုတချမ်းသာ


