
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ကိစ္စရပ် တွေကို ဖေဖော်ဝါရီ ၄ ရက်မှာ တယ်လီဖုန်းပေါ်ကနေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရှီကျင့်ဖျင်တို့ ဖုန်းပြောအပြီး နာရီပိုင်းအကြာမှာ တရုတ်နိုင်ငံဆီ ထရမ့်ပ်က လာလည်ဖို့ မျှော်လင့်ထားတဲ့ ဧပြီလခရီးစဉ်မတိုင်မီ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တာပါ။
ခေါင်းဆောင် ၂ ယောက်ဟာ ကုန်သွယ်ရေး၊ စစ်ရေးဆိုင်ရာကိစ္စရပ်တွေ၊ ထိုင်ဝမ်၊ ယူကရိန်းစစ်ပွဲ၊ အီရန်၊ လေယာဉ်အင်ဂျင်ပို့ဆောင်မှုနဲ့ အမေရိကန်ဆီက ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံက ဝယ်ယူမှုတို့နဲ့ပတ်သက်ပြီး "ရှည်လျား ပြည့်စုံတဲ့ ဖုန်းခေါ်ဆိုမှုတရပ်"ကို ဆောင်ရွက်ခဲ့တယ်လို့ ထရမ့်ပ်က ပြောပါတယ်။
တရုတ်နိုင်ငံက အမေရိကန်ကနေ ထုတ်တဲ့ ပဲပိစပ်တွေ ဝယ်ယူမှုတိုးဖို့ကိုလည်း သဘောတူခဲ့ကြောင်းနဲ့ အားလုံးက အလွန်အပြုသဘောဆောင်ပါတယ်လို့ ထရမ့်ပ်က သူ့ရဲ့Truth Social လူမှုကွန်ရက်မှာ ပို့စ်တခုတင်ပြီး ပြောပါတယ်။
ထရမ့်ပ်က “တရုတ်နဲ့ ဆက်ဆံရေးရော၊ သမ္မတ ရှီနဲ့ ကျနော့်ရဲ့ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးပါ အလွန်ကောင်းမွန်ပြီး ဒီအတိုင်းထားဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျနော်တို့ ၂ ဦးစလုံး သဘောပေါက်ကြပါတယ်”လို့ လည်း ပြောပါတယ်။
Source:Reuters


