
ရုရှားနိုင်ငံ၊ တန်ဘော့ဗ်ဒေသရှိ ကိုချီတိုဗ်ကာ-၂ ရထားဘူတာအနီးမှာ လောင်စာဆီတင် ရထားတွဲတွေ တိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၄ ရက်မှာ ရုရှားအရေးပေါ်ဝန်ကြီးဌာနက TASS နိုင်ငံပိုင် သတင်းဌာနကို ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာကို မီးသတ်ရထားတွေ ပို့ဆောင်ခဲ့ကြောင်းလည်း ထုတ်ပြန် ပြောကြားခဲ့ပြီး ဘူတာအနီးမှာ မီးလုံးကြီးတခု ပေါက်ကွဲလောင်ကျွမ်းနေတဲ့ အခြေအနေကို မျက်မြင်သက်သေ ဗီဒီယိုဖိုင်တွေမှာ တွေ့မြင်ရပါတယ်။
ရုရှားရထားကုမ္ပဏီက လောင်စာဆီ တင်ဆောင်ထားတဲ့ ကုန်တင်ရထားတွဲတွေ လမ်းချော်ပြီး မီးလောင်ခဲ့တာကြောင့် ခရီးသည်ရထား ပြေးဆွဲမှုတွေ နှောင့်နှေးခဲ့တယ်လို့ နိုင်ငံပိုင် RIA သတင်းဌာနက ပြောပါတယ်။
မော်စကို ဒေသန္တရ သယ်ယူပို့ဆောင်ရေး အစိုးရရှေ့နေရုံးကတော့ မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ အသိပေး ထုတ်ပြန်ထားပါတယ်။
Source: Reuters


