
New START လို့ ထင်ရှားတဲ့ ရုရှား-အမေရိကန်အကြား နောက်ဆုံးချုပ်ဆိုခဲ့တဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်ဟာ ဖေဖော်ဝါရီ ၅ ရက်မှာ သက်တမ်းကုန်ဆုံးပြီ ဖြစ်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ နောက်ထပ် သဘောတူညီချက် မရမီမှာ လက်ရှိ နျူကလီးယားထိပ်ဖူး အရေအတွက် ကန့်သတ်ချက်အတိုင်း တနှစ် ဆက်သက်တမ်းတိုးထားဖို့ အဆိုပြုထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ဘက်ကတော့ ပူတင်ရဲ့ ကမ်းလှမ်းချက်အပေါ် တရားဝင် အကြောင်းမပြန်သေးပါဘူး။
ဒုံးကျည်နဲ့ ထိပ်ဖူးအရေအတွက် ကန့်သတ်ဖို့ရာ နှစ်ဖက် သဘောတူညီချက် မရဘူးဆိုရင်တော့ ရာစုနှစ်ဝက်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အပြန်အလှန် ကန့်သတ်မှုမရှိတဲ့ အခြေအနေ ရောက်သွားမှာ ဖြစ်ပါတယ်။
အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ရဲ့ အဆိုအရ ရုရှားမှာ နျူကလီးယားထိပ်ဖူး ၅,၄၅၉ ခုနဲ့ အမေရိကန်မှာ ၅,၁၇၇ ခု ရှိနေပြီး ဒါဟာ ကမ္ဘာ့နျူကလီးယားလက်နက် အားလုံးရဲ့ ၈၇ ရာခိုင်နှုန်းနီးပါး ရှိနေတာပါ။
တရုတ်နိုင်ငံမှာတော့ နျူကလီးယားထိပ်ဖူး ၆၀၀ ဝန်းကျင်ရှိပြီး ၂၀၃၀ ပြည့်နှစ်မှာ ၁,၀၀၀ ကျော်အထိ ရှိလာနိုင်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ခန့်မှန်းထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကတော့ တရုတ်နိုင်ငံရဲ့ နျူကလီးယား လက်နက်အင်အား ကြီးထွားလာတာကြောင့် စာချုပ်သစ်မှာ တရုတ်ပါဝင်ဖို့ လိုတယ်လို့ ပြောဆိုထားပါတယ်။
တရုတ်ဘက်ကတော့ သူတို့ရဲ့ လက်နက်အင်အားဟာ အင်အားကြီးနှစ်နိုင်ငံလောက် မများတဲ့အတွက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ မပါဝင်နိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ကတော့ ဒါဟာ နိုင်ငံတကာ လုံခြုံရေးအတွက် စိုးရိမ်စရာအချိန်ဖြစ်ပြီး လက်နက်ပြိုင်ဆိုင်မှုအသစ်တွေ ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။


