
အက်စတိုးနီးယားနိုင်ငံရဲ့ အခွန်နဲ့ အကောက်ခွန်ဌာနဟာ ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက နိုင်ငံရဲ့ ပြည်တွင်းရေပိုင်နက်မှာ ဘဟားမားနိုင်ငံအလံတင် “Baltic Spirit” အမည်ရှိ ကွန်တိန်နာသင်္ဘော တစင်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
အဲဒီသင်္ဘောဟာ အီကွေဒေါမှ တရားမဝင် မှောင်ခိုကုန်ကူးမှုနဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆနိုင်တဲ့ အကြောင်းအရင်းတွေ ရှိထားတယ်လို့ အာဏာပိုင်တွေက ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီစစ်ဆင်ရေးကို ရဲတပ်ဖွဲ့ရဲ့ အထူးယူနစ်ဖြစ်တဲ့ ကေ-ကွန်မန်ဒိုအဖွဲ့က သင်္ဘောပေါ် တက်ရောက်စီးနင်းခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ အကောက်ခွန်ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် နိုင်ငံတော်ကြီးကြပ်မှုအောက်မှာ ထားရှိထားပါတယ်။
Baltic Spirit အမည်ရ သင်္ဘောဟာ အီကွေဒေါနိုင်ငံကနေ ရုရှားနိုင်ငံ၊ စိန့်ပီတာစ်ဘာ့ဂ်မြို့ကို သွားရောက်မှာဖြစ်ပြီး ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရတဲ့ သင်္ဘောစာရင်းမှာ ပါဝင်ခြင်းမရှိသလို ရုရှားရဲ့ အရိပ်သင်္ဘောအုပ်စုထဲမှာလည်း ပါဝင်ခြင်းမရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
သင်္ဘောလမ်းကြောင်းစောင့်ကြည့်ရေး ဝက်ဘ်ဆိုက်အရ ဘဟားမားအလံတင် အအေးထိန်း ကွန်တိန်နာသင်္ဘောဟာ ကိုလံဘီယာရှိ ဆိပ်ကမ်းတခုမှ ထွက်ခွာလာပြီး ဖေဖော်ဝါရီ ၄ ရက်က အက်စတိုးနီးယားနိုင်ငံ တာလင်းန်မြို့အနီးမှာ ကျောက်ချရပ်နားထားတာ ဖြစ်ပါတယ်။
Source: Reuters


