
ရုရှားနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲကြောင့် စစ်မြေပြင်မှာ သေဆုံးခဲ့ရတဲ့ ယူကရိန်းစစ်သား အရေအတွက်မှာ ၅၅,၀၀၀ လောက် ရှိတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဖေဖော်ဝါရီ ၄ ရက်က ထုတ်လွှင့်သွားတဲ့ ပြင်သစ်ရုပ်သံလိုင်း France 2 TV နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ကျဆုံးသွားတဲ့အထဲမှာ စစ်သည်တွေရော၊ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံထားရသူတွေပါ ပါဝင်ပြီး ဒါဟာ တရားဝင်စာရင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ အရေအတွက် အမြောက်အမြား ရှိနေသေးကြောင်းလည်း သူက ဖြည့်စွက်ပြောပါတယ်။
ဒီအင်တာဗျူးမှာပဲ သမ္မတ ဇလန်းစကီးက ရုရှားသမ္မတ ပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကိုသာ ကြောက်ရွံ့တာဖြစ်လို့ သမ္မတ ထရမ့်ပ်အနေနဲ့ ရုရှားရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဖို့ မလိုဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
အမေရိကန်မှာ စီးပွားရေးနဲ့ စစ်ရေးအရ အသာစီးရနိုင်တဲ့ အခွင့်အရေးတွေ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကတော့ အမေရိကန်ရုပ်မြင်သံကြားဌာန NBC နဲ့ အင်တာဗျူးတခုမှာ ယူကရိန်းစစ်သည် ၄၆,၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ ဇလန်းစကီးက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
Source: Reuters


