
လမ်းကြောင်းမှန်ပေါ်မှာ သွားနေတဲ့ ရုရှား-တရုတ် ဆက်ဆံရေး ဆက်လက်ဖွံ့ဖြိုးစေဖို့ “မဟာအစီအစဉ်” တရပ် ဖန်တီးသင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ဗီဒီယိုကောလ် ဆက်သွယ်ပြောဆိုရာမှာ ပြောပါတယ်။
ကမ္ဘာမှာ မငြိမ်မသက်မှုတွေ တိုးလာတဲ့အချိန်မှာ မော်စကို-ပေကျင်း ဆက်ဆံရေး တည်ငြိမ်ဖို့အတွက် အရေးကြီးတဲ့ အခြေခံအကြောင်းတရားတခု ဖြစ်တယ်လို့ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။
နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဟာ မဟာဗျူဟာကျပြီး နှစ်ဖက်စလုံးအတွက် အကျိုးရှိစေတယ်လို့လည်း ပူတင်က ဆိုပါတယ်။
ဒါ့အပြင် ပူတင်က တရုတ်နှစ်သစ်ကူး အခါသမယအတွက် ရှီကျင့်ဖျင်နဲ့ တရုတ်ပြည်သူတွေကို ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
ဒီနှစ်ဟာ ရုရှား-တရုတ် နှစ်နိုင်ငံကြား အိမ်နီးချင်းကောင်းစာချုပ် ချုပ်ဆိုခြင်း ၂၅ နှစ် ပြည့်မြောက်တဲ့နှစ် ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေက မော်စကိုအပေါ် ပိတ်ဆို့မှုတွေ ပုံအောလုပ်ထားပေမဲ့ တရုတ်ကတော့ အိမ်နီးချင်း ရုရှားနဲ့ ကုန်သွယ်ရေးတွေ တိုးမြှင့်ပြီး စီးပွားရေးအသက်သွေးကြောအဖြစ် ရပ်တည်ပေးထားတာပါ။
ယူကရိန်းစစ်ပွဲ ၄ နှစ်ပြည့်ခါနီးအချိန်မှာ ခေါင်းဆောင် ၂ ယောက် အခုလို တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့အရေးနဲ့ ဒေသတွင်းကိစ္စရပ်တွေမှာ နှစ်နိုင်ငံ အနီးကပ် ညှိနှိုင်းဆောင်ရွက်သွားဖို့လည်း ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြပါတယ်။
Source: Reuters


