
မြန်မာနိုင်ငံ ကျားဖြန့်ဂိုဏ်းတွေကနေ တရုတ်နိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ တယ်လီကွန်းလိမ်လည်မှု ကျူးလွန်သူ အယောက် ၁၁,၀၀၀ ကျော်ထိ ရှိခဲ့ပြီး သူတို့ကို တရားစွဲဆိုခဲ့တဲ့အကြောင်း တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး အစိုးရရှေ့နေရုံး (SPP) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်ဆင်ဟွာသတင်းမှာ ဖေဖော်ဝါရီ ၄ ရက်က ဖော်ပြပါတယ်။
ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ နှစ် ပထမ ၁၁ လတာ ကာလအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းကနေ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ အရေအတွက်ဖြစ်သလို အဆိုပါကာလအတွင်း တရုတ်နိုင်ငံတဝန်း ဥပဒေရေးရာ အဖွဲ့အစည်းတွေကလည်း အဲဒီလို အမှုအခင်းတွေထဲ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူပေါင်း ၄,၃၀၀ ကျော်ကို ဖမ်းဆီးခွင့်ပြုခဲ့ကာ နယ်စပ်ဖြတ်ကျော် တယ်လီကွန်းလိမ်လည်မှု လုပ်ငန်းစုတွေကို ပြင်းထန်စွာ နှိမ်နင်းနိုင်ခဲ့ကြောင်း SPP က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းကနေ ပြန်လည်လွှဲပြောင်းပေးခဲ့သူတွေ အပါအဝင် ပြီးခဲ့တဲ့နှစ်ရဲ့ အဆိုပါကာလအတွင်း တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ တရုတ်နိုင်ငံတွင်း စုစုပေါင်း လူဦးရေ ၆၂,၀၀၀ လောက်ကို တရားစွဲဆိုထားကြောင်းလည်း SPP က ဆိုပါတယ်။
တရုတ်နိုင်ငံထဲမှာတော့ အခုရက်ပိုင်းတွေမှာတင် မြန်မာစစ်ကောင်စီဘက်က လွှဲပြောင်းပေးအပ်ခဲ့တဲ့ ကိုးကန့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ပယ်ဆောက်ချိန်၊ မြီရှောက်ချန်းတို့ရဲ့ မိသားစုဝင်တွေကို ကွပ်မျက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
ဒါဟာ တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာ အပါအဝင် ခေတ်သစ်ကျွန်ပြုခံနေရသူတွေနဲ့ လည်ပတ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာတွေကို နှိမ်နင်းတဲ့ လှုပ်ရှားမှု တစိတ်တပိုင်းအဖြစ် လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတွေနဲ့ ပြစ်မှုထင်ရှားသူတွေကို အရေးယူတာလို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသက ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေက ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာတွေဆီ လူကုန်ကူးခံရသူ၊ ဒါမှမဟုတ် လှည့်ဖြားခိုင်းစေခံရသူ အရေအတွက် သိန်းနဲ့ချီရှိကြောင်း ပြောကြားထားပါတယ်။
Source: Xinhua


