
ကိုးကန့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ပယ်ဆောက်ချိန် မိသားစုဝင် ကျားဖြန့်ရာဇဝတ်ဂိုဏ်းဝင် ၄ ယောက်ကို တရုတ်နိုင်ငံက ထပ်မံကွပ်မျက်လိုက်တယ်လို့ ဖေဖော်ဝါရီ ၂ ရက်ထုတ် တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ပယ်အဖွဲ့ (ပယ်မိသားစု) ရာဇဝတ်ဂိုဏ်း အဓိကအဖွဲ့ဝင်တွေဖြစ်ကြတဲ့ အဆိုပါ ၄ ယောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ချမှတ်ခဲ့တဲ့ သေဒဏ်အပေါ် အယူခံဝင်မှုကို ဂွမ်ဒေါင်းပြည်နယ် အဆင့်မြင့်ပြည်သူ့တရားရုံးနဲ့ ပြည်သူ့တရားလွှတ်တော်ချုပ်တို့က ပယ်ချခဲ့ပြီးနောက်မှာ ခုလို ကွပ်မျက်ခဲ့တာလို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာ အပါအဝင် ခေတ်သစ်ကျွန်ပြုခံနေရသူတွေနဲ့ လည်ပတ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက ကျားဖြန့် အွန်လိုင်းငွေလိမ်စင်တာတွေကို နှိမ်နင်းတဲ့ လှုပ်ရှားမှု တစိတ်တပိုင်းအဖြစ် လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတွေနဲ့ ပြစ်မှုထင်ရှားသူတွေကို အရေးယူတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ကိုးကန့်ဒေသထဲက အဆောက်အအုံပေါင်းများစွာမှာ လုပ်ကိုင်ခဲ့ပြီး တရုတ်နိုင်ငံသား ၆ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိစေခဲ့တဲ့ ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ အွန်လိုင်းငွေလိမ်မှုနဲ့ တရားမဝင် လောင်းကစားအင်ပါယာဟာ “အလွန်တရာ ဆိုးရွားလွန်းလှတာကြောင့်” အဆိုပါ ပြစ်ဒဏ်တွေနဲ့ ထိုက်တန်ကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပယ်ရင်ချိန်၊ ယန်လီချန်၊ ဟူရှောင်ကျန်းနဲ့ ချန်ကွမ်ယိ ၄ ယောက်တို့ကို တရားရုံး ဆုံးဖြတ်ချက်နဲ့ သေဒဏ်ပေးခဲ့တာလို့ သိရပေမဲ့ ဘယ်နေ့မှာ ကွပ်မျက်ခဲ့တယ်ဆိုတာတော့ တိတိကျကျ ဖော်ပြထားတာ မတွေ့ရပါဘူး။
ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်ကတော့ တရုတ်အစိုးရရဲ့ ကွမ်တုံပြည်နယ်၊ ရှန်ကျန်းမြို့ တရားရုံးကနေ သေဒဏ်အမိန့်ချမှတ်ခဲ့ခံရပြီး သီတင်းတပတ်အကြာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလထဲမှာပဲ ကွယ်လွန်သွားခဲ့တာပါ။
ဒါဟာ ကိုးကန့်က မြီမိသားစုဝင် ၂ ယောက်အပါအဝင်လူ ၁၁ ယောက်ကို သေဒဏ်စီရင်ခဲ့ပြီး ကြောင်း တရုတ်က သတင်းထုတ်ပြန်အပြီး ရက်ပိုင်းအတွင်းမှာပဲ ပယ်မိသားစုဝင်တွေကို ကွပ်မျက်မှုသတင်းကို ထပ်မံထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
သူတို့မိသားစုကိုလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း အွန်လိုင်းငွေကြေး လိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ အဓမ္မ ညဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှုတို့နဲ့ တရုတ်နိုင်ငံ တရားရုံးတခုက သေဒဏ်ချမှတ်ထားခဲ့တာဖြစ်ပြီး အကြီးအကဲဖြစ်တဲ့ မြီရှောက်ချန်းကတော့ ဖမ်းဝရမ်းထုတ်ပြန်ထားချိန်မှာပဲ အဆုံးစီရင်သွားခဲ့တာပါ။
စစ်ကောင်စီကတော့ မြီရှောက်ချန်းရဲ့ သားဖြစ်သူ မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျုလန်၊ မြေးဖြစ်သူ မြီကျိန်းကျန်းတို့အပါအဝင် ၃၉ ယောက်ကို တရုတ်နိုင်ငံဆီ လွှဲ ပြောင်းပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ရှမ်းပြည်နယ်ထဲက လောက်ကိုင်ဒေသထဲမှာတော့ ကိုးကန့်ရဲ့ ထင်ရှားတဲ့ မိသားစုကြီး ၄ ခုဖြစ်တဲ့ ပယ်အိမ်၊ ဝေအိမ်၊ မြီအိမ်နဲ့ လျိုအိမ်တို့ဟာ ကျားဖြန့်အပါအဝင် အမှုပေါင်းများစွာနဲ့ စွပ်စွဲခံရပြီး တရုတ်နိုင်ငံမှာ တရားရင်ဆိုင်ခဲ့ရပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသက ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေက ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာတွေဆီ လူကုန်ကူးခံရသူ၊ ဒါမှမဟုတ် လှည့်ဖြားခိုင်းစေခံရသူ အရေအတွက် သိန်းနဲ့ချီရှိကြောင်း ပြောကြားထားပါတယ်။


