
တရုတ်နိုင်ငံကို လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောကြားလိုက်ပါတယ်။
တရုတ်နဲ့ ကုန်သွယ်တာက ဗြိတိန်အတွက် အန္တရာယ်ရှိတယ်လို့ အမေရိကန်သမ္မတ ထရမ့်ပ်က ဝေဖန်ခဲ့ပြီးနောက် စတာမာက အခုလို တုံ့ပြန်ပြောခဲ့တာပါ။
ဒါဟာ ထရမ့်ပ်ရဲ့ မှတ်ချက်ကို ငြင်းပယ်ခဲ့တာဖြစ်ပြီး တရုတ်နဲ့ စီးပွားရေးအရ မဆက်ဆံဘူးဆိုရင် ဗြိတိန်နိုင်ငံက ရူးမိုက်ရာကျတယ်လို့လည်း ဆိုပါတယ်။
စတာမာဟာ တရုတ်နိုင်ငံကို အလည်အပတ်ရောက်နေပြီး စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုတွေပြုလုပ်တဲ့ နောက်ဆုံး အနောက်နိုင်ငံက ခေါင်းဆောင် တယောက် ဖြစ်လာပါတယ်။
စတာမာဟာ ဇန်နဝါရီ ၂၉ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ၃ နာရီကြာ ဆွေးနွေးခဲ့ပြီး ဗြိတိန်ဝီစကီ အခွန်လျှော့ဖို့နဲ့ ၂ နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ရဖို့ သဘောတူခဲ့သလို တခြားကိစ္စတွေမှာလည်း သဘောတူမှုတွေရခဲ့ပါတယ်။
“တရုတ်ကို လျစ်လျူရှုတာက ရူးမိုက်တာပါ” လို့ ဘီဘီစီသတင်းဌာနနဲ့ အင်တာဗျူးမှာ စတာမာက ရှန်ဟိုင်းကို ရောက်ချိန်မှာ ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံက သူတို့နိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတွေကို ဝေဖန်တဲ့ ဗြိတိန်အမတ်တွေကို ခရီးသွားကန့်သတ်ခွင့်ကိုလည်း ဖယ်ရှားဖို့ သဘောတူခဲ့တယ်လို့ စတာမာက ပြောဆိုခဲ့ပါတယ်။
စတာမာရဲ့ လေဘာပါတီအစိုးရဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လက ဗြိတိန်အစိုးရ တာဝန်ယူခဲ့တာဖြစ်ပြီး ကတိပေးထားတဲ့ စီးပွားရေးဖွံ့ဖြိုးတက်ဖို့ ရုန်းကန်နေရပါတယ်။
ဒါ့ကြောင့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အား အကောင်းဆုံး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးစားနေတာပါ။
Source: Reuters


