Home
နိုင်ငံတကာ
ပနားမားတူးမြောင်း၌ ဟောင်ကောင်ကုမ္ပဏီကိုပေးထားသည့်လုပ်ပိုင်ခွင့် ပြန်ဖျက်သိမ်း
DVB
·
January 31, 2026
Photo: Reuters

ပနားမားနိုင်ငံ တရားရုံးချုပ်ဟာ ပနားမားတူးမြောင်းရဲ့ ဝင်ပေါက်တွေမှာရှိတဲ့ အရေးပါတဲ့ ကွန်တိန်နာဆိပ်ကမ်းကြီး ၂ ခု ကို လုပ်ကိုင်ခွင့်ပြုထားတဲ့ ဟောင်ကောင်အခြေစိုက် CK Hutchison ရဲ့ လက်အောက်ခံ ပနားမားဆိပ်ကမ်းများ ကုမ္ပဏီ (PPC) နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ဆိုပြီး ဇန်နဝါရီ ၃၀ ရက်မှာ ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။

PPC ကုမ္ပဏီဟာ  ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက တူးမြောင်းရဲ့ လုပ်ငန်းလည်ပတ်မှုတွေနဲ့ သီးခြားစာချုပ်တွေအောက်မှာ ပစိဖိတ်ဘက်ခြမ်းရှိ ဘားလ်ဘိုအာဆိပ်ကမ်းနဲ့ အတ္တလန္တိတ် ဘက်ခြမ်းရှိ ခရစ္စတို ဘားလ် ဆိပ်ကမ်းတွေကို စီမံလုပ်ကိုင်လာခဲ့တာပါ။ 

ဒီဆုံးဖြတ်ချက်ကြောင့် CK Hutchison က BlackRock နဲ့ မြေထဲပင်လယ်သင်္ဘောကုမ္ပဏီ (MSC) ဦးဆောင်တဲ့ လုပ်ငန်းစုအဖွဲ့ကို ပနားမားဆိပ်ကမ်းတွေ အပါအဝင် ကမ္ဘာတဝန်းရှိ ဆိပ်ကမ်းတွေကို ဒေါ်လာ ၂၃ ဘီလီယံ တန်ဖိုးနဲ့ ရောင်းချဖို့စီစဉ်ထားမှုတွေပါ ထိခိုက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

PPC ကုမ္ပဏီကတော့ ဒီစီရင်ချက်ဟာ ဥပဒေကြောင်းအရ ခိုင်လုံမှုမရှိကြောင်းနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေကြောင်း တုံ့ပြန်ထားပါတယ်။

ကုမ္ပဏီအနေနဲ့ နိုင်ငံတကာခုံသမာဓိရုံးမှာ အမှုရင်ဆိုင်တာ ဒါမှမဟုတ် တရားရုံးကို ရှင်းလင်းချက်တောင်းခံတာတွေ ပြုလုပ်နိုင်ပေမဲ့လည်း တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်လို့မရပါဘူး။

ပနားမားသမ္မတ ဟိုဆေးရာအူးလ်မူလီနိုကတော့  ဆိပ်ကမ်းလုပ်ငန်းတွေ ရပ်တန့်သွားမှာ မဟုတ်ကြောင်းနဲ့ အလုပ်သမားတွေ အလုပ်ထုတ်ခံရမှာမဟုတ်ကြောင်းလည်း အာမခံထားပါတယ်။

ဒိန်းမတ်ပိုင် မယ့်စ်ခ် သင်္ဘောကုမ္ပဏီရဲ့ လက်အောက်ခံဖြစ်တဲ့ APM Terminals ကလည်း လုပ်ငန်းတွေ အနှောင့်အယှက်မဖြစ်စေဖို့ အဲဒီဆိပ်ကမ်းတွေကို ယာယီလွှဲပြောင်းယူဖို့ အသင့်ရှိကြောင်း ပြောကြားထားပါတယ်။

ပနားမားတူးမြောင်းဟာ ကမ္ဘာတဝန်းရှိ ရေကြောင်းကုန်သွယ်မှုရဲ့ ၅ ရာခိုင်နှုန်းလောက်နဲ့ အမေရိကန်ကွန်တိန်နာ အဝင်အထွက် ၄၀ ရာခိုင်နှုန်းလောက်ကို ကိုင်တွယ်လုပ်ဆောင်နေတာပါ။ 

ဒါ့ကြောင့် မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံ‌တွေအပေါ် လွှမ်းမိုးမှုအတွက် အမေရိကန်နဲ့ တရုတ်တို့ အင်အားပြိုင်ဆိုင်မှုအကြားမှာ  အဲဒီကွန်တိန်နာဆိပ်ကမ်းတွေကို ပထဝီနိုင်ငံရေးအတွက် အရေးပါမှုမြင့်မားတဲ့ အခြေခံအဆောက်အအုံတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်းတွေအပေါ် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ကြီးထွားလာနေချိန်မှာ ပနားမားတရားရုံးချုပ်ဆုံးဖြတ်ချက်ဟာ ဗျူဟာမြောက် အရေးပါတဲ့ ပနားမားတူးမြောင်းအနီးမှာ တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကို လျှော့ချလိုတဲ့ ဝါရှင်တန်အတွက် အောင်ပွဲတခုအဖြစ် ရှုမြင်ကြပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013