
ရုရှားနဲ့ နျူလက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ် သက်တမ်းကုန်သွားခဲ့အပြီးမှာ သက်တမ်းတိုးမဲ့အစား ခေတ်မီအောင် အဆင့်မြှင့်ထားတဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်းဆိုလိုက်ပါတယ်။
စာချုပ်သစ်မှာ နျူလက်နက်အင်အား ကြီးထွားလာတဲ့ တရုတ်ကိုပါ ထည့်သွင်းဖို့ ထရမ့်ပ်အစိုးရက လိုလားနေပါတယ်။ တရုတ်ဘက်ကတော့ ဒီအချက်ကို လူသိရှင်ကြား ငြင်းပယ်ထားပါတယ်။
တရုတ်မှာ နျူထိပ်ဖူး ၆၀၀ ဝန်းကျင်ရှိပြီး ၅,၀၀၀ ကျော်စီ ပိုင်ဆိုင်ထားတဲ့ ရုရှား၊ အမေရိကန်တို့နဲ့ ယှဉ်ရင်တော့ နည်းပါးနေဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်ရဲ့ နျူလက်နက်တွေ အရှိန်အဟုန်နဲ့ တိုးလာနေတာကြောင့် ထိန်းချုပ်ရေးစာချုပ်မှာ ထည့်သွင်းချင်နေတာပါ။
New START လို့ခေါ်တဲ့ အရင်စာချုပ်ဟောင်းဟာ ညှိနှိုင်းမှုညံ့ဖျင်းသလို ချိုးဖောက်ခံနေရတယ်လို့ သမ္မတထရမ့်ပ်က ဝေဖန်ပြောဆိုပါတယ်။
“ကျွမ်းကျင်သူတွေအနေနဲ့ အနာဂတ်မှာ ရေရှည်တည်တံ့နိုင်မဲ့ ခေတ်မီစာချုပ်သစ်တရပ်ကို ရေးဆွဲသင့်တယ်” လို့ ထရမ့်ပ်က သူပိုင် Truth Social လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ကုလသမဂ္ဂနဲ့ ကျွမ်းကျင်သူတွေကတော့ စာချုပ်သက်တမ်း ကုန်သွားတာကြောင့် ကမ္ဘာ့လက်နက်ပြိုင်ပွဲကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
Photo:Reuters


