Home
မြန်မာသတင်း
အာဆီယံနှင့် မြန်မာအကြား ညှိနှိုင်းပေးသူအဖြစ် ထိုင်းအစိုးရ ဆောင်ရွက်လို 
DVB
·
February 5, 2026
Photo: MOFA Thailand

အာဆီယံနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေဖို့အတွက် ကြားဝင်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) နဲ့ တွေ့ဆုံအပြီးမှာ ပြောလိုက်ပါတယ်။

ရည်မှန်းချက်ကတော့ တင်းမာမှုတွေကို လျှော့ချဖို့၊ တည်ငြိမ်မှု ပြန်လည်ရရှိဖို့နဲ့ မြန်မာ့အရေးအခင်းအပေါ် ထိုင်းနိုင်ငံရဲ့ သံတမန်ရေးရာ ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ အစည်းအဝေးကိုတော့ မကြာသေးမီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေအပြီး မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို အကဲဖြတ်ဖို့နဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေအပြင် ထိုင်း-မြန်မာနယ်စပ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ပါ ချိတ်ဆက် ဆောင်ရွက်နိုင်မဲ့ နည်းလမ်းတွေကို ဆွေးနွေးဖို့ ခေါ်ယူခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာတော့ တာဝန်ရှိသူတွေက ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ နှစ်နိုင်ငံ မျှဝေသုံးစွဲနေတဲ့ မြစ်ကြောင်းစနစ်တွေကို ထိခိုက်စေတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို တိုက်ဖျက်ရာမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့နဲ့ မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် ရပ်တန့်နေတဲ့ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ရှင်သန်လာစေမဲ့ နည်းလမ်းတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မစ္စတာ ဆီဟဆတ်က မြန်မာနိုင်ငံနဲ့ ရှည်လျားစွာ ထိစပ်နေတဲ့ နယ်စပ်မျဉ်းကြောင့် ထိုင်းနိုင်ငံအနေနဲ့ မိမိရဲ့ နယ်စပ်အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ကူညီဖို့အတွက် တက်ကြွတဲ့အခန်းကဏ္ဍကနေ ပါဝင်ဖို့ဟာ ရှောင်လွှဲမရကြောင်းလည်း ပြောလိုက်တာပါ။

အစည်းအဝေးရလဒ်အနေနဲ့ကတော့ မြန်မာစစ်ကောင်စီအပါအဝင် တခြားသော သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုကို တဖြည်းဖြည်း မြှင့်တင်သွားဖို့ သဘောတူခဲ့ကြတယ်လို့ သိရသလို ထိုင်းအစိုးရဟာ မြန်မာစစ်အာဏာပိုင်တွေနဲ့ ဆွေးနွေးသွားမှာဖြစ်ပြီး အဆိုပါဆွေးနွေးမှုတွေ အောင်မြင်ပါက ထိုင်းနိုင်ငံအနေနဲ့ ဒီကိစ္စကို အာဆီယံအဆင့်အထိ တင်ပြသွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့မှာ ထိုင်းနိုင်ငံက ခိုင်မာတဲ့ စီးပွားရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးစီးပွားတွေ ရှိနေကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ဆီ ဦးတည်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ တရားဝင်မဟုတ်သေးတဲ့ ရွေးကောက်ပွဲရ လဒ်တွေအရ စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ထဲက ၂၆၃ နေရာထဲမှာ ၂၃၂ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ အခုအချိန်အထိ ကြေညာထားတဲ့ ၁၅၇ နေရာထဲ ၁၀၉ နေရာနဲ့ အပြတ်အသတ် အနိုင်ရထားပါတယ်။ 

ထိုင်းနိုင်ငံ လုံခြုံရေးနဲ့ နိုင်ငံခြားရေးရာ ကျွမ်းကျင်သူ ပနိတန် ဝပ်တနာယာကွန်းကလည်း ဆွေးနွေးပွဲတွေ ချောမွေ့စေရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ ကြားနေ စေ့စပ်သူအဖြစ် ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကေန ပါဝင်သင့်ကြောင်း ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက်က ကျင်းပခဲ့တဲ့ “မြန်မာ့ ၂၀၂၆ စီးပွားရေးကို အဖြေရှာခြင်း” ဖိုရမ်မှာ ခုလို ပြောလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံဟာ လုံခြုံရေး၊ လုပ်သား အင်အားနဲ့ စီးပွားရေးချိတ်ဆက်မှုတွေအရ ထိုင်းနိုင်ငံအတွက် မဟာဗျူဟာမြောက် နယ်မြေတခုဖြစ်သလို အင်အားကြီးနိုင်ငံတွေက မြန်မာ့အရေးမှာ ပိုမိုတက်ကြွလာချိန် ထိုင်းနိုင်ငံအနေနဲ့ ဘေးထိုင်ကြည့်နေသူအဖြစ် ဆက်ရှိနေလို့ မရတော့ကြောင်း ပြောလိုက်တာပါ။

"တကယ်လို့သာ အောင်မြင်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ရှည်လျားလှတဲ့ မြန်မာနယ်စပ်ဟာ မဟာဗျူဟာမြောက် ဝန်ထုပ်ဝန်ပိုးတခုအဖြစ်ကနေ စီးပွားရေးအခွင့်အလမ်းတခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။" 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်ဖွန်ကတ်ကယောက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းက နေပြည်တော်ကို သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက်ထိပ်တန်းအရာရှိတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာတော့ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးနဲ့ ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှုတိုက်ဖျက်ရေး၊ စီးပွားရေးနဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူထူပြဿနာတွေလို ဘုံစိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းသွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သွားမှာဖြစ်သလို အထူးသဖြင့် မူးယစ်ဆေးဝါးနဲ့ ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်မှုတွေကို ပူးတွဲတိုက်ဖျက်ဖို့ အလေးထား ဆောင်ရွက်သွားဖို့လည်း သဘောတူခဲ့ကြတယ်လို့ ထိုင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။

Photo: MOFA Thailand

Source: Bangkok Post 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013