
ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်းခရိုင်ထဲမှာ လူသုံးများတဲ့ D.Dent နာမည်ကြီးအမှတ်တံဆိပ်ပါ သွားတိုက်ဆေးအတုပေါင်း ၃ သိန်းကျော်ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံဗဟိုရဲတပ်ဖွဲ့ CIB က ထုတ်ပြန်ပါတယ်။
ဒီမတိုင်ခင်က ဈေးကွက်နဲ့ အွန်လိုင်းပေါ်မှာ D.Dent အမှတ်တံဆိပ် သွားတိုက်ဆေးအတုတွေ ဖြန့်ချိနေကြောင်း အဆိုပါကုမ္ပဏီမူပိုင်ဌာနက တိုင်ကြားလာတဲ့အတွက် လိုအပ်တဲ့ စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ပြီး စမွတ်စခွန်းမြို့ရှိ ဂိုဒေါင်ကြီးတရုံကို ဇန်နဝါရီ ၃၀ က သွားရောက်စစ်ဆေးခဲ့တယ်လို့ CIB ရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။
သော့တွေနဲ့ ခိုင်ခံ့စွာပိတ်ထားတဲ့ ဂိုဒေါင်ကိုတာဝန်ရှိသူတွေက ဖွင့်ပြီးစစ်ဆေးရာမှာ အထဲမှာ စက္ကူဂျပ်ဖာတွေအပြည့်ရှိနေပြီး ဂျပ်ဖာထဲမှာတော့ D.Dent အမှတ်တံဆိပ်သွားတိုက် ဆေးအတုတွေ တွေ့ရကြောင်း ၊ သွားတိုက်ဆေးဘူး စုစုပေါင်း ၃၀၀,၀၀၀ ကျော်ရှိပြီး တန်ဖိုး ဘတ် ၁၀ သန်းကျော်ရှိမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ဂိုဒေါင်မှာ ကုန်ပစ္စည်းထုတ်လုပ်တာတော့ မဟုတ်ဘဲ ပစ္စည်းတွေ ပြန်လည်ဖြန့်ဖြူးဖို့ သိမ်းထားတာဖြစ်တယ်။
ပစ္စည်းပိုင်ရှင်နဲ့ တာဝန်ခံကိုတော့ မတွေ့ရဘူး၊ ဒါပေမဲ့ ပစ္စည်းတွေဟာ နိုင်ငံခြားက တင်သွင်းတဲ့ အထောက်အထားရှိတယ်၊ တရုတ်စာတွေပါ ရေးသားထားတာကြောင့် တရုတ်ပြည်က တင်သွင်းပြီး တရုတ်လုပ်ငန်းရှင်မှ နောက်ကနေကြိုးကိုင်တယ်လို့ ယူဆရကြောင်း တာဝန်ရှိသူက ပြောပါတယ်။
D.Dent သွားတိုက်ဆေးမူပိုင်ရှင်အစစ်လည်း အဆိုပါနေရာကို ရောက်ရှိလာပြီး အဲဒီသွား တိုက်ဆေးဘူးတွေဟာ မူရင်းထုတ်ကုန်နဲ့ တပုံစံတည်းထုတ်လုပ်ထားတယ်။
ဒါပေမဲ့ ထုတ်လုပ်တဲ့နေရာမပါ၊ ပါဝင်ပစ္စည်းအတိအကျမရှိ၊ FDA သုံးစွဲသူတွေ ထိန်းချုပ်ရေးဌာနရဲ့ ခွင့်ပြုချက် အမှတ်တံဆိပ်လည်းမပါရှိဘူး၊ အာမခံချက်မရှိတဲ့ ကုန်ပစ္စည်းဖြစ်ပြီး သုံးစွဲသူတွေရဲ့ ခံတွင်းနဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်၊ အတော်ဆိုးရွားတဲ့ တုပမှုကြီးပါပဲလို့ သတင်းထောက်တွေကို ပြောပါတယ်။
တာဝန်ရှိသူတွေက ဂိုဒေါင်ငှါးရမ်းထားတဲ့ ဆိုင်ရှင်ကနေတဆင့် ကုန်ပစ္စည်းပိုင်ရှင်နဲ့ ပါဝင်ပတ်သက်သူတွေကို ဆက်လက်စုံစမ်းအရေးယူသွားမယ်၊ ပြည်သူတွေအနေနဲ့လည်း ဈေးသက်သာတိုင်း ကုန်ပစ္စည်းကို အရမ်းဝယ်ယူခြင်းမပြုဖို့၊ စိတ်ချယုံကြည်ရသော အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာသာ ဝယ်ယူဖို့၊ ပစ္စည်းအတုအပဝယ်ယူမိက CIB ရဲတပ်ဖွဲ့ရဲ့ အရေးပေါ်ဖုံးလိုင်း ၁၄၄၁ ကိုဆက်သွယ်အကြောင်းကြားဖို့ တာဝန်ရှိသူက ပြောကြားသွား ပါတယ်။
Source: Ejan News


