
မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိတဲ့ မြို့တွေမှာ အရှိန်ကောင်းနေတဲ့ ၁၄ ရက်တာ ငြိမ်သက်စွာ တုံ့ပြန်တဲ့ ကမ်ပိန်းဟာ အောင်မြင်မှုရတဲ့ အနေအထား ရောက်နေပြီလို့ အလုပ်သမားကူညီရေးအဖွဲ့တွေနဲ့ ကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတဲ့သူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးရှိနေတဲ့ ဘန်ကောက်၊ အယုဒ္ဓယ၊ မဟာချိုင်နဲ့ မဲဆောက်မြို့တွေမှာ ဇန်နဝါရီ ၂၆ ရက်က စခဲ့တဲ့ ၁၄ ရက်တာ ငြိမ်သက်စွာ တုံ့ပြန်မှု ကမ်ပိန်းဟာ အရှိန်ကောင်းလာနေပြီး ထိုင်းလူမျိုးတွေနဲ့ မြန်မာလူမျိုးတွေအကြား ဖြစ်နေတဲ့ တင်းမာမှုတွေ လျော့ကျလာနေပြီလို့ ပူးပေါင်းပါဝင်သူတွေနဲ့ အလုပ်သမားရေး ကူညီနေတဲ့ အဖွဲ့တွေက DVB ကို ပြောပါတယ်။
ကမ်ပိန်းစတင်တဲ့ အချိန်ကနေ ဖေဖော်ဝါရီ ၂ ရက်အထိ တပတ်ကျော် ကာလအတွင်း ရနောင်း၊ စမွတ်ပရာကန် စတဲ့ မြန်မာအလုပ်သမား အများဆုံးရှိတဲ့ မြို့တွေအပြင် တခြားမြို့တွေကပါ ပူးပေါင်းပါဝင်လာနေတဲ့အကြောင်း AAC အဖွဲ့မှ ကိုရဲမင်းက ပြောပါတယ်။
“ဘယ်မြို့က အားကောင်းလဲဆိုတာ ပြောရခက်တယ်။ အဓိက က လှုပ်ရှားမှုလုပ်နေတာက မြန်မာပြည်သား အများဆုံးရှိတဲ့ မြို့တွေပေါ့။ အဲတော့ ဒီ ၈ ရက်တာ ကာလအတွင်းမှာ အောင်မြင်မှုရတယ်လို့ ပြောလို့ရတယ်။ အလုပ်သမားတွေ ပြဿနာတွေနဲ့။ သွားတယ်၊ အေးအေးဆေးဆေး နေကြတယ်။ တကယ်ဆိုးပါတယ်ဆိုတဲ့ နေရာတွေတောင် သိသိသာသာ ငြိမ်ကြသွားတာ။”
ထိုင်းမျိုးချစ်အဖွဲ့တွေ ဝင်ရောက်ရိုက်နှက် စစ်ဆေးသွားတဲ့ အယုဒ္ဓယမြို့က ဆင်သီဝါရပ်ကွက်မှာလည်း ကမ်ပိန်း စနေတဲ့ ရက်တွေအတွင်း ထိုင်းအဖွဲ့ပေါင်းစုံက အဆောင်ပေါ်ထိ အချက်အလက်တွေ စစ်ဆေးတာနဲ့ ရပ်ကွက်ထဲက မြန်မာဆိုင်တွေကိုပဲ ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပေမဲ့ ကမ်ပိန်း အားကောင်းလာပြီးနောက်ပိုင်း ရပ်ကွက်ထဲမှာ ပြောင်းလဲမှုတွေ ကြုံရတယ်လို့ ဆင်သီဝါရပ်ကွက်နေ မြန်မာအလုပ်သမားတယောက်က ပြောပါတယ်။
“မြန်မာဆိုင်တွေကတော့ မဖွင့်ဘူးလေ။ တောမောင်းတွေလည်း ခဏခဏ မဝင်တော့ဘူး။ နောက်တခု ထူးဆန်းတာက ဒီအဆောင်တွေမှာ ကျနော်တို့ အခန်းငှားထားတဲ့ဟာတွေ အခန်းစာချုပ်တွေ၊ နောက်ပြီး ဧည့်စာရင်းတိုင်တဲ့ဟာတွေပေါ့၊ အဲဒါတွေကို သူတို့ တိတိကျကျ လုပ်လာတာ တွေ့တယ်။”
ထိုင်းနိုင်ငံအတွင်း ထိုင်းလူမျိုးတွေနဲ့ မြန်မာလူမျိုးတွေကြား ဖြစ်ပေါ်နေတဲ့ လက်ရှိ ပဋိပက္ခတွေ လူမျိုးခွဲခြားမှုတွေနဲ့ အနိုင်ကျင့်မှုတွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာနဲ့ တုံ့ပြန်နေတာ ဖြစ်တဲ့အတွက် ကမ်ပိန်းလုပ်နေတဲ့ပုံတွေ ဗီဒီယိုဖိုင်တွေကို ပွဲခံပြီး မလှုံ့ဆော်ဖို့ကိုလည်း AAC ကိုရဲမင်းက ဆက်လက် လှုံ့ဆော်ထားပါတယ်။
တဖက်မှာလည်း ထိုင်းအာဏာပိုင်တွေဟာ ဒီကာလအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ် တရားမဝင် နိုင်ငံခြားသား နှိမ်နင်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ အစစ်ဆေး အဖမ်းဆီးတွေဟာ ပုံမှန်ထက် ပိုပြင်းထန်နေတဲ့ကာလပါ။
နယ်စပ်မြို့လည်းဖြစ်သလို မြန်မာရွှေ့ပြောင်းအလုပ်သမားနဲ့ စစ်ရှောင်တွေ အများဆုံးရှိနေတဲ့ မဲဆောက်မှာ နေ့ရောညပါ အဖမ်းအဆီး ကြမ်းနေတဲ့အတွက် ၁၄ ရက်တာ ကမ်ပိန်းကို ပါဝင်ဖို့ ပိုပြီး တွန်းအားပေးသလို ဖြစ်သွားတဲ့အတွက် မဲဆောက်မှာလည်း ကမ်ပိန်းက အောင်မြင်မှုတခုအနေနဲ့ မြင်ရတယ်လို့ မဲဆောက်နေ ရွှေ့ပြောင်းအလုပ်သမားတယောက်က ပြောပါတယ်။
“ပုံမှန်ဆိုရင် မဲဆောက်ပုလိပ်ဂိတ် ချတယ်ဗျာ။ တလကို တခါ၊ တလ တခါတောင်မှ လကုန်ရက်လောက်ပဲ ဒီနား ဟိုနားလောက်ပဲ၊ သိပ်မရှိဘူး။ အခုက ဘယ်လိုဖြစ်သွားလဲဆိုရင် အခု ဒီအတောအတွင်းပေါ့၊ ဘယ်နေရာမဆို ပုလိပ်ဂိတ်ချတယ်။ ပုံမှန်ဆိုရင် ဒီဘက်က ဂိတ်ချရင် ဟိုဘက်က ကွေ့သွားလို့ရတဲ့ နှစ်လမ်း သုံးလမ်း ရှိတယ်။ ဒါပေမဲ့ အခု ဘယ်လမ်းမှ အလွတ်မပေးတော့ဘူး၊ သွားလို့ရတဲ့လမ်းတွေ အကုန်ပိတ်တာ။ မြန်မာပြည်ဘက်က လာလို့ရတဲ့ လမ်းတွေကော ပတ်ပတ်လည်ပိတ်တာ။ အဲဒီတော့ အစစ်အဆေးက ပုံမှန်ထက် အများကြီး ပြောင်းလဲတယ်၊ အစစ်အဆေးလည်း ကြမ်းပါတယ်။”
လူသားအခွင့်အရေးကို ငြိမ်းချမ်းစွာ ကာကွယ်နေတာ ဖြစ်တဲ့အတွက် ၁၄ ရက်တာ ကမ်ပိန်းအတွင်း ထိုင်းရောက် မြန်မာတွေအနေနဲ့ အုပ်စုဖွဲ့ အရက်သောက်စားတာ၊ ပတ်ဝန်းကျင် အနှောင့်ယှက်ဖြစ်စေမဲ့ ဆူညံမှုတွေနဲ့ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ ဥပဒေတွေကျော်တဲ့ ကိစ္စရပ်တွေကို ဝင်မပါဖို့နဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ဖို့ ထိုင်းရောက် မြန်မာအချင်းချင်း တိုက်တွန်းနှိုးဆော်နေကြသလို ဒီကာလဟာ ထိုင်းရဲချုပ် အမိန့်အကြောင့် ထိုင်းတနိုင်ငံလုံး အတိုင်းအတာနဲ့ တရားမဝင် နိုင်ငံခြားသားတွေကို စိစစ်တာ၊ ဗီဇာသက်တမ်းကျော်သူတွေနဲ့ ရက် ၉၀ မတိုင်သူတွေကို ပိုမိုတင်းကျပ်စစ်ဆေးနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
မောရစ်


