
ထိုင်းနိုင်ငံမှာ ရွှေဈေးနှုန်းတွေ စံချိန်တင်မြင့်တက်နေတာကြောင့် ဆိုင်မှာရွှေလာရောင်းသူတွေ အလွန်များပြီး ရွှေရောင်းဝယ်ရေးဆိုင်အချို့ မဖွင့်ရဲတော့ဘဲ ပိတ်ထားရတယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။
ရွှေကုန်သည်များအသင်း Gold Trader Association ဝက်ဘ်ဆိုက်ရဲ့ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက် မနက်ဖော်ပြချက်အရ ရွှေရည် ၉၆ ဒသမ ၅ ရာခိုင်နှုန်းရှိ ရွှေချောင်းဟာ အလေးချိန် တ ဘတ်သားကို ဝယ်ဈေး ထိုင်းဘတ်ငွေ ၈၁, ၄၅၀ ဘတ်ရှိပြီး ရောင်းဈေး ၈၁,၅၅၀ ဘတ်ရှိပါတယ်။
ရွှေရည် ၉၆ ဒသမ ၅ ရာနှုန်းရှိ ရွှေထည်တွေဟာ အလေးချိန် တဘတ်သားကို ဝယ်ဈေး ထိုင်းဘတ်ငွေ ၇၉, ၈၁၇ ဒသမ ၄၀ ဘတ်ရှိပြီး ရောင်းဈေး ၈၂ ,၃ ၅၀ ဘတ်ရှိပါတယ်။
ကမ္ဘာ့ရွှေဈေးမှာဆိုရင် တရက်တည်းနဲ့ ရွှေတအောင်စကို ဒေါ်လာ ၂၀၀ တက်သွားတယ်။ သူတို့ရွှေအရောင်းအဝယ်လုပ်လာတဲ့ နှစ်ပေါင်း ၅၀ အတွင်း အခုလို ရွှေဈေးတက်တာ တခါမှမကြုံဖူးဘူးလို့ ထိုင်းနိုင်ငံ တရန်းခရိုင် တရန်းမြို့ရှိ ထုန့်ဟိန်းလီရွှေဆိုင်ပိုင်ရှင်က Matichon သတင်းဌာနကို ပြောပါတယ်။
သူတို့ဆိုင်မှာဆိုရင် ရွှေထည်လာရောင်းသူတွေ အဆက်မပြတ်ရှိနေတယ်။ ထို့အတူ ရွှေလာ ဝယ်သူတွေကတော့ သိမ်းဆည်းထားဖို့ ရွှေချောင်းဝယ်သူပိုများတယ်၊ ဆိုင်မှာ ရွှေချောင်းတွေ ကုန် သွားလို့ အော်ဒါလက်ခံထားရတယ်လို့ ပြောပါတယ်။
ရွှေကုန်သည်လောကမှာ ခုလာမဲ့ မတ်လကျရင် ရွှေဈေးက အလေးချိန် တဘတ်သားကို ဘတ် ၈၀,၀၀၀ ထိ တက်သွားမယ်လို့ မှန်းထားပေမဲ့ အခုဇန်နဝါရီလထဲမှာတင် ၈၀,၀၀၀ ကျော်သွားပြီဖြစ်တယ်။
တရုတ်နှစ်သစ်ကူးကာလ ဖေဖော်ဝါရီလလယ်လောက်ဆိုရင် ဘယ်လောက်ထိတက်သွားမလဲဆိုတာ မခန့်မှန်းရဲတော့ဘူး။ ဒီလိုဖြစ်တာဟာ လူတွေက ဒေါ်လာအပေါ် စိတ်ချယုံကြည်မှု သိပ်မရှိတော့ဘူးလို့ ယူဆရတယ်။ နှစ်ပေါင်း ၅၀ အတွင်း ရွှေဈေးက အမြန်ဆုံးနဲ့ အမြင့်ဆုံး စံချိန်တင်တက်တာလည်းဖြစ်တယ်။ ဒီပုံအတိုင်းဆိုရင် ငွေကြေးဖောင်းပွမှုတွေလည်း ဖြစ်လာနိုင်တယ်လို့ ရွှေဆိုင်ပိုင်ရှင်က ပြောပါတယ်။
Source: Matichon / CH7 TV News


