
ထိုင်းနိုင်ငံမှာ ငွေမည်းစီးဆင်းမှုတွေနဲ့ အမည်ခံအကောင့်တွေ နှိမ်နင်းနိုင်ဖို့ ထိုင်း ဗဟိုဘဏ် (BoT) က ငွေသားအမြောက်အမြား ထုတ်ယူမှုတွေကို ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမယ်လို့ The Nation Thailand သတင်းမှာ ဇန်နဝါရီ ၂၈ ရက်က ဖော်ပြပါတယ်။
အဆိုပါ လုပ်ငန်းစဉ်အရ ဘတ် ၃ သန်းကနေ ၅ သန်းဝန်းကျင်အထိ ငွေသားထုတ်ယူမှုတွေကို အထူးမှတ်သားပြီး အစီရင်ခံဖို့နဲ့ အဲဒီလိုထုတ်ယူရတဲ့ ရည်ရွယ်ချက်ကိုပါ တင်ပြဖို့ စီးပွားရေးဘဏ်တွေကို ညွှန်ကြားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
အခုဇန်နဝါရီလကုန်မှာ အသေးစိတ်အတည်ပြုမယ့် စီမံချက်သစ်အရ ဘဏ်တွေအနေနဲ့ သတ်မှတ်ပမာဏထက် ကျော်လွန်တဲ့ ငွေသားထုတ်ယူမှုတွေကို အစီရင်ခံရမယ်လို့ ထိုင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဝိတိုင် ရာတာနာကွန်းက ပြောလိုက်သလို တရားမဝင်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေကို ပိတ်ဆို့သွားဖို့ ဆွေးနွေးနေကြောင်းလည်း ပြောပါတယ်။
ဒါဟာ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍနှစ်ခုလုံးကို ထိခိုက်စေတဲ့ အဂတိလိုက်စားမှုနဲ့ ငွေမည်းလုပ်ငန်းတွေလို အခြေခံကျတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုတရပ်ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် အခုခေတ်မှာ မြေကွက်ဝယ်ယူတာလိုမျိုး ငွေပမာဏကြီးမားတဲ့ အရောင်းအဝယ်တွေကို ဘဏ်ကတဆင့် လွှဲပြောင်းတာ၊ ဒါမှမဟုတ် ချက်လက်မှတ်နဲ့ ပြုလုပ်နိုင်တာကြောင့် ဘတ် ၃ သန်းထက်ကျော်တဲ့ ငွေသားကို ထုတ်ယူအသုံးပြုတာမျိုးကို စတင်ချိန်ကတည်းက သံသယဖြစ်ဖွယ်အဖြစ် သတ်မှတ်ဖို့နဲ့ လိုအပ်နိုင်ကြောင်းလည်း ထိုင်းဗဟိုဘဏ်ဥက္ကဋ္ဌက ပြောပါတယ်။
ဒါ့အပြင် ဖောက်သည်တဦးရဲ့ အလုပ်အကိုင်နဲ့ သူ့ဘဏ်အကောင့်အတွင်း နေ့စဉ် ဝင်ထွက်နေတဲ့ သန်းနဲ့ချီတဲ့ ငွေပမာဏ ကိုက်ညီမှုမရှိပါကလည်း ဒါကို သံသယဖြစ်ဖွယ်စာရင်းထဲ ထည့်သွင်းရမယ်လို့ ဆိုပါတယ်။
ထိုင်း ဗဟိုဘဏ်အနေနဲ့ ရွှေရောင်းဝယ်မှုနဲ့ ပတ်သက်ပြီးတော့လည်း စည်းမျဉ်းသစ်တွေ ချမှတ်ထားကာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း စုစုပေါင်းတန်ဖိုး ဘတ် ၁၀ ဘီလီယံထက်ကျော်လွန် ရွှေတင်သွင်းတာ၊ ဒါမှမဟုတ် တင်ပို့တာတွေ ပြုလုပ်သူတွေဟာ ဗဟိုဘဏ်ကို အစီရင်ခံရမှာ ဖြစ်တဲ့အပြင် ဘတ်သန်း ၂၀ ထက်ကျော်တဲ့ ရွှေအရောင်းအဝယ်တွေကို မှတ်တမ်းတင်ထားဖို့လည်း ရွှေဆိုင်တွေကို ညွှန်ကြားသွားမယ်လို့ ဆိုပါတယ်။
ရွှေရောင်းဝယ်မှုအတွက် တကြိမ်ကို ဘတ်သန်း ၅၀ ထက်မကျော်စေရေး ကန့်သတ်ချက် ထားရှိမှာ ဖြစ်သလို ဘတ်ငွေနဲ့ အခြေပြုတဲ့ ရွှေရောင်းဝယ်ရေး အက်ပလီကေးရှင်းတွေအတွက် သန်း ၅၀ ကန့်သတ်ချက် ထားရှိမယ်လို့ ဆိုပါတယ်။
အဆိုပါဘတ်သန်း ၅၀ ကန့်သတ်ချက်က ထိုင်းဘတ်ငွေနဲ့ အရောင်းအဝယ်ပြုလုပ်တဲ့ ရွှေအက်ပ်တွေနဲ့သာ သက်ဆိုင်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာနဲ့ ရောင်းဝယ်တဲ့ အက်ပ်တွေနဲ့ မသက်ဆိုင်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဒီကန့်သတ်ချက်က အသစ်ဝယ်ယူမှုတွေအတွက်သာဖြစ်ပြီး အရင်က ဝယ်ယူထားတဲ့ ရွှေတွေကိုတော့ ပုံမှန်အတိုင်း ပြန်လည်ရောင်းဝယ်နိုင်မယ်လို့ ဆိုပါတယ်။
ထိုင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဝိတိုင်ရဲ့ အဆိုအရ တချို့သောအချိန်တွေမှာ အက်ပ်တွေကတဆင့် ရွှေရောင်းဝယ်မှုပမာဏဟာ စတော့ရှယ်ယာ အရောင်းအဝယ်ပမာဏထက် ကျော်လွန်နေတာကြောင့် ရွှေရောင်းဝယ်မှုတွေကို ပိုမိုစောင့်ကြည့်ခြင်းအားဖြင့် တရားမဝင်ငွေတွေကို ရွှေအဖြစ် ပြောင်းလဲကာ ငွေကြေးခဝါချတာတွေကို ပိတ်ဆို့နိုင်မယ်လို့ ဆိုပါတယ်။


