
ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေး နောက်ဆုံးအပိုင်းကို ရောက်လာတာနဲ့အမျှ နိုင်ငံရေးပါတီတွေက အမျိုးသားရေးဝါဒကို အသုံးချဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားပဋိပက္ခဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ ထိုင်းမှာ အမျိုးသားရေးဝါဒ မြင့်တက်လာစေခဲ့တာပါ။
ရာထူးသက်တမ်း ရက် ၁၀၀ မပြည့်မီဝန်ကြီးချုပ် အနုထင်းချန်းဝီရကွန်း ဒီဇင်ဘာလမှာ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီး နယ်စပ်တိုက်ပွဲတွေကြားမှာ ရွေးကောက်ပွဲတွေကျင်းပဖို့ ကြေညာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုဟာ အမျိုးသားရေးလှိုင်းကနေ အကျိုးအမြတ် ရဖို့ ရည်ရွယ်ထားပါတယ်။
နိုင်ငံရေးသိပ္ပံပါမောက္ခ တီတီပို ဖက်ဒီဝါနစ်ချ်က “ဒါကြောင့် နိုင်ငံအပေါ် သူတို့ရဲ့ မေတ္တာနဲ့ ထောက်ခံမှုကို ပြသခြင်းအားဖြင့် ပါတီတွေက သူတို့ရဲ့ ထောက်ခံမှုကို အမှန်တကယ် စည်းရုံးဖို့ နည်းလမ်းတခုအဖြစ်သုံးဖို့ ကြိုးစားနေတာကို တွေ့နိုင်တယ်”လို့ ပြောပါတယ်။
ရွေးကောက်ပွဲ စည်းရုံးရေးမှာ အနုထင်းရဲ့ ဖုမ်းကျိုင်းထိုင်းပါတီက စစ်တပ်အပေါ် ခိုင်မာတဲ့ ထောက်ခံမှုကို အလေးပေးဖော်ပြခဲ့ပြီး ကမ္ဘောဒီးယားနဲ့ နယ်စပ်တံတိုင်း တည်ဆောက်ဖို့ အဆိုပြုခဲ့ပါတယ်။
တခြားရှေးရိုးစွဲ၊ စစ်တပ်ကို ထောက်ခံတဲ့ အုပ်စုတွေက သူ့ကို ထောက်ခံခဲ့ကြပါတယ်။ ဒီရပ်တည်ချက်က အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ပြည်သူ့ပါတီနဲ့ ဖွေ့ထိုင်းပါတီ တို့ကို ဖိအားပေးခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
တချိန်က ဖုမ်းကျိုင်းထိုင်းပါတီဟာ ကမ္ဘောဒီးယားနဲ့ ကုန်သွယ်ရေးကို မြှင့်တင်ရာမှာ လူသိများခဲ့ပေမဲ့ ခုတော့ ပြည်တွင်းကာကွယ်ရေးလုပ်ငန်း အရှိန်မြှင့်တင်ရေးနဲ့အတူ သံတမန်ရေးနဲ့ စစ်ရေး ဖိအားတွေရော ပါလာအောင် ထောက်ခံအားပေးနေပါတယ်။
ပြီးခဲ့တဲ့နှစ်က အငြင်းပွားနယ်စပ်ဒေသတလျှောက်မှာ အပြင်းထန်ဆုံးတိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံမှာ အရပ်သား သေဆုံးသူ ၁၉ ယောက်ရှိတဲ့အထဲက ၁၁ ယောက် သေဆုံးခဲ့တဲ့ ကန်သာရာလက်မြို့က မဲဆန္ဒရှင်တွေအတွက် နယ်စပ်လုံခြုံရေးက အဓိကစိုးရိမ်စရာ ဖြစ်နေဆဲပါ။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြားဝင်စေ့စပ် ပေးခဲ့တဲ့ ကနဦးအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့အပြီး သီတင်းပတ်များစွာကြာချိန်မှာ ပဋိပက္ခတွေကို အဆုံးသတ်ခဲ့ပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းမှာ ဒုတိယအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ ပါတယ်။
ထိုင်းနိုင်ငံရေးပါတီတချို့ကတော့ မြန်မာနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေ ထိုင်းမှာ များပြားလာတဲ့အပေါ် ထောက်ပြဝေဖန်ပြီး အမျိုးသားရေးကို အသုံးချ မဲဆွယ်စည်းရုံးတာတွေလည်း ရှိနေပါတယ်။
Source: Reuters


