
ထိုင်းမှာ အေးချမ်းစွာ နေထိုင်လိုကြောင်း ပြသတဲ့ ၁၄ ရက်ကြာ အနေအထိုင်ဆင်ခြင်ရေး လှုပ်ရှားမှု ကမ်ပိန်းကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးနေထိုင်တဲ့ ရပ်ကွက်တွေ၊ ဈေးတွေမှာ ပြုလုပ်နေကြပါတယ်။
ထိုင်းနိုင်ငံထဲက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးရှိနေတဲ့ အယုဒ္ဓယ၊ မဟာချိုင်နဲ့ မဲဆောက်မြို့က ရပ်ကွက်တွေ၊ ဈေးတွေမှာ ၁၄ ရက်ကြာ ငြိမ်သက်တိတ်ဆိတ်စွာ အနေအထိုင် ဆင်ခြင်ရေး လှုပ်ရှားမှုတခုကို ဇန်နဝါရီ ၂၆ ရက်ကစပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပူးပေါင်းပါဝင် ပြုလုပ်နေကြတာပါ။
ဒီလှုပ်ရှားမှုဟာ ထိုင်းရောက် မြန်မာနိုင်ငံသားတွေနဲ့ အိမ်ရှင် ထိုင်းနိုင်ငံသားတို့ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေးအတွက် တိုက်တွန်းတဲ့ လှုပ်ရှားမှုတခုဖြစ်ပြီး ထိုင်းနိုင်ငံသားတွေအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ တိုင်တန်းချက်တွေအပေါ် စည်းကမ်းရှိမှုနဲ့ သက်သေပြတဲ့ လှုပ်ရှားမှုတခု ဖြစ်တဲ့အတွက် ဆန္ဒပြပွဲမဟုတ်ဘူးလို့ Fncc Burma Fact Check Community က တိုက်တွန်း နှိုးဆော်ထားပါတယ်။
ဇန်နဝါရီ ၁၉ ရက်က ထိုင်းမျိုးချစ်အဖွဲ့ဝင် ရိုက်နှက်စစ်ဆေးသွားတဲ့ အယုဒ္ဓယမြို့ စင်သီဝါရပ်ကွက်က မြန်မာတွေကလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်နေတယ်လို့ DVB ကို ပြောပါတယ်။
စင်သီဝါရပ်ကွက်မှာ နေထိုင်သူတယောက်က “ကျနော်တို့ သွားလာတဲ့ပုံစံက အလုပ်သွား အလုပ်ပြန်ချိန်က လွဲပြီးတော့ အကုန်လုံး ကိစ္စမရှိရင် မထွက်ဘူးပေါ့။ ကျနော်တို့ ရပ်ကွက်ထဲမှာလည်း ထိုနည်းတူပါပဲ၊ အရင်ကဆို လူတော်တော်များများ သွားလာစည်ကားနေတဲ့ နေရာတွေ ခြောက်ကပ်နေကုန်ပြီ။ ဒါကကျတော့ တနေရာတည်း မဟုတ်ဘူးပေါ့။ ဒါ နိုင်ငံရေးလည်း မဟုတ်ဘူး။ သူတို့(ထိုင်းနိုင်ငံသား)ရဲ့ အကြမ်းဖက်ဆက်ဆံမှုတွေကို ကျနော်တို့က ငြိမ်းချမ်းခြင်းနဲ့ပဲ လုံးဝ တုံ့ပြန်တဲ့ အနေအထား” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က ဖြစ်ခဲ့တဲ့ မြန်မာအလုပ်သမားတချို့နဲ့ ထိုင်းကယ်ရီပို့သမားတွေအကြား ရန်ဖြစ်ရာကစပြီး ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းမျိုးချစ်အဖွဲ့တွေကြားမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ပစ်မှတ်ထား ရန်ရှာခံနေရတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီအခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ ထိုင်းတနိုင်ငံလုံး အတိုင်းအတာနဲ့ ၁၄ ရက်ကြာ ငြိမ်သက်တိတ်ဆိတ်ခြင်း ကမ်ပိန်း လုပ်တာလို့ အလုပ်သမားရေး ကူညီနေသူဖြစ်တဲ့ AAC ကိုရဲမင်းက DVB ကို ရှင်းပြပါတယ်။
ကမ်ပိန်းစတဲ့ ပထမတရက်မှာတင်ပဲ အယုဒ္ဓယနဲ့ မဟာချိုင်ဘက်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ လူစုလူဝေးရှိတဲ့ နေရာတွေကို ရှောင်တာ၊ အလုပ်သွား အလုပ်ပြန်ကလွဲပြီး အပြင်မထွက်တာကို စပြီး လုပ်ဆောင်နေပြီလို့ ကိုရဲမင်းက ဆက်ပြောပြပါတယ်။
“အဓိက ဘာလဲဆို ကျနော်တို့နိုင်ငံသားတွေကို ပုံဖျက်ချင်တာက ဆူပူသောင်းကျန်းတဲ့သူတွေ၊ ထိုင်းလူမျိုးတွေရဲ့ အလုပ်တွေကို လုလုပ်တဲ့သူတွေအဖြစ် ပုံဖျက်ချင်နေတဲ့ အခြေအနေတွေကို ကျနော်တို့က အေးအေးဆေးဆေးနဲ့ သာမန် အလုပ်သမားတွေ ဘဝကိုပဲ ခုံမင်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တဲ့သူတွေ ဆိုတဲ့ဟာကို ထိုင်းနိုင်ငံမှာ ထင်ထင်ရှားရှားနဲ့ ဒီ ၁၄ ရက်တာ ကာလမှာ ပြမှာ။ ဒါပေမဲ့ ဒီလို စည်းကမ်းရှိစွာ အေးအေးချမ်းချမ်းနေတာကို ၁၄ ရက်တင်မဟုတ်ဘူး၊ နောက်လည်း အမြဲတမ်း နေသွားဖို့လိုတယ်။ ဒါလေးနဲ့ အစပျိုးပြီး ကမ်ပိန်းပုံစံ လုပ်တာပေါ့။”
လက်နက်ရောင်းဝယ်မှု ဝင်ဖမ်းတဲ့ ထိုင်းရဲ သေနတ်ပစ်ခံရတာတွေ၊ လူသတ်မှုတွေနဲ့ နယ်စပ် တိုက်ပွဲတွေကြောင့် မဲဆောက်မြို့မှာ အဖမ်းအဆီး စစ်ဆေး မြင့်တက်နေတဲ့ကာလမို့ ၁၄ ရက်တာကမ်ပိန်းကို သိတဲ့သူ နည်းနေပေမဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ ကမ်ပိန်းစတင်တဲ့နေ့မှာ လူစည်ကားတဲ့ နေရာတွေနဲ့ ဈေးတွေမှာ ခြောက်ကပ်နေတယ်လို့ မဲဆောက်နေ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတယောက်က DVB ကို ပြောပါတယ်။
“Sunday ကတော့ ဟုတ်တယ်၊ Sunday မှာ လူက လူအချင်းချင်း တက်နင်းမိလောက်အောင်ကို များတဲ့ Sunday သိလား။ ဒါပေမဲ့ အဖမ်းအဆီးတွေကြောင့် မထွက်ကြဘူး။ တောမောင်းဝင်တဲ့နေ့တွေက ရက်ဆက်တိုက်ရှိတယ်။ အဲဒီတုန်းကလည်း အရောင်းအဝယ်တွေ တော်တော်ခက်ခဲတယ်။ ဝယ်နေရင်းနဲ့ အမဆို အထုပ်ထားပြီး ပြေးခဲ့ရတယ်။ ပြေးပြီးတော့မှ အဲဒီဆိုင်ကလည်း ဝယ်နေရင်းနဲ့ ကိုယ့်ဗမာဆိုင်ကလည်း ပိတ်ရတာကိုး။ ဆိုင်ရှင်တွေ အကုန်လုံးကလည်း အဲဒီလိုဈေးထဲမှာ လျှောက်ပြေး၊ မတ်တတ်ရပ်ပြီးတော့ ဟိုရပ်လိုက် ဒီရပ်လိုက်ပေါ့၊ ဝယ်တဲ့သူတွေကလည်း အခြေအနေကြည့်ပြီးတော့မှ လုပ်ရတာ။ ခုနက အစ်မ ပြောသလိုပဲ ၁၄ ရက်ထက် တောမောင်းကိုပဲ အဓိက ဟိုဟာဖြစ်တယ်။ ၁၄ ရက်ရဲ့ ကြေညာမှု အားနည်းတာလို့ပဲ ခံစားရတယ်။”
ဇန်နဝါရီ ၁၄ ရက်က ထိုင်းနိုင်ငံ အလုပ်အကိုင်ခန့်ထားရေး ဦးစီးဌာနကနေပြီး ထိုင်းနိုင်ငံမှာရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ဥပဒေနဲ့ညီမညီ စစ်ဆေးအရေးယူဖို့ ထုတ်ပြန်ခဲ့ပြီးနောက် ထိုင်းရှိ မြန်မာတွေနေတဲ့ ရပ်ကွက်တွေထဲက အိမ်တွေ၊ အဆောင်ထဲထိပါ လိုက်စစ်ဆေးနေတဲ့ကာလ ဖြစ်ပါတယ်။
အဲဒီလို စစ်ဆေးနေတဲ့အချိန်မှာ နှုတ်ခမ်းမွေးလို့ လူသိများတဲ့ ထိုင်းမျိုးချစ်အဖွဲ့တွေပါ ပါလာပြီး မြန်မာတွေကို ရိုက်နှက်စစ်ဆေးတာအထိပါ လုပ်ဆောင်နေတဲ့အတွက် ထိုင်းရောက် မြန်မာတွေဟာ ၁၄ ရက်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းစွာနေလိုကြောင်း အနေအထိုင်ဆင်ခြင်ရေး လှုပ်ရှားမှုကမ်ပိန်းကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
မောရစ်


