
အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ပြီးတဲ့နောက် ဇန်နဝါရီ ၂၈ ရက်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိကလေဆိပ်တွေမှာ အပူချိန်စစ်ဆေးရေး ကိရိယာတွေကို စသုံးလိုက်ပါပြီ။
ပြီးခဲ့တဲ့နှစ်က အိန္ဒိယနိုင်ငံက ခရီးသည်တွေ အပါအဝင် နိုင်ငံခြားခရီးသည် ၅ ဒသမ ၈၉ သန်းထက်မနည်းဟာ ဘာလီကျွန်းဆီ လာလည်ခဲ့ကြတယ်လို့ ဘာလီကျွန်းရဲ့ စာရင်းအင်းဗျူရိုက ဆိုပါတယ်။
ခရီးသည်တယောက်က ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ အတွေ့အကြုံကြောင့် သတိထားဖို့လိုတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပြီး နောက်တယောက်ကတော့ နီပါးဗိုင်းရပ်စ်က အန္တရာယ်နည်းတယ်လို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံကလည်း အဓိကလေဆိပ်တွေမှာ အပူချိန်စစ်ဆေးရေးကိရိယာတွေ တပ်ဆင်ခဲ့ပြီး အာဏာပိုင်တွေက ဒီလုပ်ဆောင်ချက်ဟာ ကြိုတင်ကာကွယ်ဖို့လို့ ပြောပါတယ်။
စကင်နာတွေကို ဇန်နဝါရီ ၂၅ ရက်မှာ အိန္ဒိယကလာတဲ့ လေယာဉ်တွေ ဆင်းသက်ဖို့ စီစဉ်ထားတဲ့ သုဝဏ္ဏဘူမိ၊ ဒွန်မောင်းနဲ့ ဖူးခက်လေဆိပ်တွေက ဆိုက်ရောက်ခရီးသည်အတွက် ဝင်ပေါက်တွေမှာ တပ်ဆင်ထားခဲ့ပါတယ်။
“ခုအချိန်အထိ ထိုင်းနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်မှု တစုံတရာ မရှိသေးပါဘူး။ ဒါပေမဲ့ နီပါး ဗိုင်းရပ်စ်ဟာ အန္တရာယ်အရှိဆုံး ကူးစက်ရောဂါတွေထဲမှာ ပါဝင်တာကြောင့် ကျနော်တို့ သတိထားနေပါတယ်” လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိ ကျူရိုင် ဝုန်စဝပ်က ပြောပါတယ်။
အိန္ဒိယနိုင်ငံက ဒီဇင်ဘာလမှာ အနောက်ဘင်္ဂလားပြည်နယ်က ကူးစက်ခံ ၂ ယောက်ကို သတင်းပို့ခဲ့ပြီး နီပါးဗိုင်းရပ်စ် ကူးစက်မှုတွေကို စောင့်ကြည့်နေတယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်မှာ ပြောပါတယ်။
ကူးစက်မှုနှစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ထိတွေ့မှု ၁၉၆ ခုကို အိန္ဒိယအာဏာပိုင်တွေက ဖော်ထုတ် ခြေရာခံနိုင်ခဲ့ပြီး ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ပိုး စစ်ဆေးမှု အားလုံးက ရောဂါကင်းရှင်းကြောင်း ပြခဲ့ပါတယ်။
အသီးစားလင်းနို့တွေ၊ ဝက်တွေလို တိရစ္ဆာန်တွေက သယ်ဆောင်လာတဲ့ နီပါးဗိုင်းရပ်စ်ဟာ ဖျားနာခြင်းနဲ့ ဦးနှောက်ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပြီး ကူးစက်ခံရရင် သေဆုံးမှုနှုန်း ၄၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအကြား ရှိမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားပါတယ်။
လူတယောက်ကနေ တယောက်ဆီ ကူးစက်နိုင်ပေမဲ့ ကူးစက်ဖို့တော့ မလွယ်ဘဲ ကူးစက်ခံရသူနဲ့ ကြာရှည်ထိတွေ့ဖို့ လိုပါတယ်။
ဒါပေမဲ့ ကပ်ရောဂါတခု ဖြစ်ပေါ်စေနိုင်တဲ့ အလားအလာကြောင့် ဦးစားပေး ရောဂါပိုးအဖြစ် အဆင့်သတ်မှတ်ထားပါတယ်။
နီပါးဗိုင်းရပ်စ် ကူးစက်မှုအတွက် ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။
Source: Reuters


