Home
မြန်မာသတင်း
ပြည်တွင်းရွှေဈေး ၁ ကျပ်သားကို ကျပ် ၁၁၈ သိန်းအထိ မြင့်တက်
DVB
·
January 29, 2026

မြန်မာပြည်တွင်းဈေးကွက်မှာ သီတင်းတပတ်ကျော်အတွင်း ရွှေဈေး သိသိသာသာ မြင့်တက်လာပြီး ဇန်နဝါရီ ၂၀ ရက်နဲ့ နှိုင်းယှဉ်ရင် ကျပ် ၁၈ သိန်းဝန်းကျင် အတက်ရှိခဲ့တယ်လို့ စျေးကွက်အတွင်းက စုံစမ်းသိရ ပါတယ်။

ဇန်နဝါရီ ၂၀ ရက်အထိ ပြည်တွင်းရွှေဈေးဟာ တကျပ်သားကို ကျပ် သိန်း ၁၀၀ အောက် အဆင့်မှာသာ ရှိနေခဲ့ပေမဲ့ နောက်ပိုင်းရက်တွေအတွင်းမှာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်မှာတော့ တကျပ်သားကို ကျပ် ၁၁၈ သိန်းအထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

စျေးကွက်စောင့်ကြည့်သူတွေရဲ့ သုံးသပ်ချက်အရ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စစ်ပွဲတွေကြောင့် လုံခြုံစိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ရွှေအပေါ် ဝယ်လိုအား တိုးလာခဲ့ခြင်းက ကမ္ဘာ့ရွှေဈေး မြင့်တက်လာရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး အဲဒီအခြေအနေက ပြည်တွင်းရွှေဈေးကိုပါ လိုက်ပါမြင့်တက်စေခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာမှုကလည်း ရွှေဈေး မြင့်တက်လာရခြင်းရဲ့ အကြောင်းရင်းတချက်အဖြစ် ပါဝင်နေကြောင်း စျေးကွက်လေ့လာသူ‌တွေက သုံးသပ်ထားကြပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ ဒီနေ့ နေ့လယ်ပိုင်းအချိန်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၅,၅၅၀ ကျော်အထိ စံချိန်တင် မြင့်တက်နေပြီး တရက်အတွင်း ဒေါ်လာ ၂၄၀ ကျော်၊ တပတ်အတွင်းဆိုရင် ဒေါ်လာ ၈၀၀ ဝန်းကျင်ခန့်အထိ မြင့်တက်လာခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီအမိန့်နဲ့ သတ်မှတ်ထားတဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းရဲ့ ရည်ညွှန်း ရွှေဈေးကတော့ တကျပ်သားကို ကျပ် ၆၁ သိန်းသာ သတ်မှတ်ထားပြီး ကျပ်တသိန်းသာ အတက်ရှိခဲ့ပါတယ်။

တဖက်မှာ အမေရိကန်ဒေါ်လာဈေးကတော့ မြန်မာ့ပြည်တွင်းငွေကြေးဈေးကွက်အတွင်းမှာ ကျပ် ၄,၁၀၀ အောက်အဆင့်ကို ပြန်လည်ကျဆင်းလာခဲ့ကြောင်း စျေးကွက်အတွင်းက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013