
ကမ္ဘာ့ရွှေစျေးဟာ ဇန်နဝါရီ ၂၆ ရက်မှာ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် တအောင်စကို ဒေါ်လာ ၅,၀၀၀ အထက်ကို ရောက်ရှိလာခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ရွှေစျေး ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သလို ၂၀၂၆ ခုနှစ် နှစ်ဆန်းမှာပါ စံချိန်ထပ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဂရင်းလန်းကျွန်းကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ NATO အကြား တင်းမာမှုတွေရှိနေသလို သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကုန်သွယ်ရေးမူဝါဒတွေကြောင့်လည်း စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ယူကရိန်းနဲ့ ဂါဇာစစ်ပွဲတွေအပြင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုကို ဝါရှင်တန်က ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ အခြေအနေတွေကလည်း ရွှေစျေးကို တွန်းအားဖြစ်စေခဲ့ပါတယ်။
မရေရာမှုတွေကြားမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ စိတ်ချရတဲ့ ရွှေနဲ့ ငွေဘက်ကို ဦးလှည့်လာကြပြီး ဇန်နဝါရီ ၂၃ ရက်မှာတော့ ငွေစျေးကလည်း တအောင်စကို ဒေါ်လာ ၁၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
ဒါ့အပြင် ငွေကြေးဖောင်းပွမှု၊ ဒေါ်လာစျေးကျဆင်းမှုနဲ့ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း ထပ်ချမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့်လည်း အခုလို စျေးခုန်တက်လာတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ဗဟိုဘဏ်တွေဟာလည်း သူတို့ရဲ့ အရန်ရွှေပမာဏကို အကြီးအကျယ် တိုးမြှင့်ဝယ်ယူ စုဆောင်းလာကြပါတယ်။
Source: Reuters


