
ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနဲ့အတူ ပြည်တွင်းရွှေဈေးလည်း ဆက်တိုက်လိုက်ပါ မြင့်တက်နေခဲ့ပြီး အခုအခါမှာ ရွှေဈေးဟာ တကျပ်သားကို ကျပ် သိန်း ၁၀၀ ကျော်အထိ ရောက်ရှိလာတယ်လို့ ပြည်တွင်းရွှေဈေးကွက်ကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့က တကျပ်သားကို ကျပ် ၉၈ သိန်းခွဲ ရှိခဲ့ရာကနေ ဇန်နဝါရီ ၂၂ ရက်မှာတော့ ကျပ် ၁၀၂ သိန်း ဝန်းကျင်အထိ မြင့်တက်သွားတာ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းရွှေဈေးဟာ သီတင်းပတ် တပတ်အတွင်းမှာ ကျပ် ၃ သိန်းခွဲဝန်းကျင် ထပ်မံမြင့်တက်လာတာဖြစ်ပြီး ကမ္ဘာ့ရွှေဈေးဟာလည်း တပတ်အတွင်း အတက်မြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၆၀၀ ဝန်းကျင်ရှိခဲ့ရာက ဒီတပတ် သောကြာနေ့မှာ ၄,၈၉၀ ဒေါ်လာအထိ တက်ခဲ့တာကြောင့် တပတ်အတွင်း ဒေါ်လာ ၃၀၀ နီးပါး မြင့်တက်လာခဲ့တာပါ။
ဒါ့ပေမဲ့ စစ်ကောင်စီအမိန့်နဲ့ သတ်မှတ်တဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းရဲ့ ရည်ညွှန်းဈေးကတော့ တကျပ်သား ကျပ်သိန်း ၆၀ မှာပဲ ရှိနေပါသေးတယ်။
ရွှေဈေးတက်လာတာနဲ့ အလားတူ မြန်မာပြည်တွင်း ငွေကြေးဈေးကွက်မှာလည်း အမေရိကန်ဒေါ်လာဈေးက တဒေါ်လာကို ကျပ် ၄,၀၀၀ အထက်ကို မြင့်တက်လာခဲ့ပါတယ်။


