Home
အနုပညာ
ထိုင်းမြောက်ပိုင်း လမ်းပန်းရှိ  မြန်မာ့အနုပညာလက်ရာ ရှေးဟောင်းဘုန်းကြီးကျောင်း မီးလောင် 
DVB
·
February 2, 2026

ထိုင်းမြောက်ပိုင်း၊ လမ်းပန်းခရိုင်၊ လမ်းပန်းမြို့ရှိ မြန်မာ့အနုပညာလက်ရာ ရှေးဟောင်းဘုန်းကြီး ကျောင်းတဆောင် ဖေဖော်ဝါရီ ၂ ရက် ဒီနေ့မနက်က မီးလောင်ပျက်စီးဆုံးရှုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။  

ဒီနေ့မနက် ၆ နာရီခွဲလောက်က ဖရဘတ်ရပ်ကွက်ရှိ ဝပ်မွန်ပူယတ်- ဆန်ချန် ဘုန်းကြီးကျောင်းမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရတာကြောင့် အဆိုပါနေရာကို သွားရောက် စစ်ဆေးခဲ့တယ်လို့ လမ်းပန်းမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာရောက်တော့ မီးသတ်ကား ၁၀ စီးလောက်က အဆိုပါဘုန်းကြီးကျောင်းကို ဝိုင်းပြီးငြှိမ်းသတ်နေကြတယ်၊ ၂ နာရီကြာ ငြှိမ်းသတ်ပြီးမှ မီးညွန့်ကျိုးသွားခဲ့ပေမဲ့ ကျောင်းဆောင်တခုလုံးကော ဘုရားကျောင်းထဲက ပစ္စည်းပစ္စယပရိဘောဂတွေပါ အကုန်မီးထဲ ပါသွားတယ်လို့ ဆိုပါတယ်။ 

ရပ်ကွက်နေ ပြည်သူတွေပြောပြချက်အရ မီးမလောင်ခင် ပေါက်ကွဲသံအကျယ်ကြီး ၂၊ ၃ ခါ ကြားရတယ်။ အဲဒီနောက် မီးခိုးလုံးတွေ ကောင်းကင်ပေါ်ပျံတက်သွားတာ မြင်ရတယ်။ အဆိုပါကျောင်းဆောင်မှာ ကျောင်းထိုင်ဆရာတော်တပါးတည်းသာ သီတင်းသုံးပြီး မီးလောင်ချိန် ဆရာတော်ကို ဖုန်းအဆက်အသွယ်မရတာကြောင့် ဒကာ၊ ဒကာမတွေက စိုးရိမ်ပူပန်နေကြတယ်။ 

အတန်ကြာမှ ဆရာတော်နဲ့ ဖုန်းအဆက်အသွယ်ရတယ်၊ မီးလောင်တဲ့ချိန် ဆရာတော်ဟာ ကျောင်းတိုက်မှာမရှိဘဲ တာ့ခ်ခရိုင်က တရားဟောပင့်ဖိတ်လို့ ခရီးထွက်နေတယ်၊  ကျောင်းဆောင် မီးလောင်တာ သိသိချင်း အမြန်ဆုံးပြန်လာခဲ့ပေမဲ့ ပြာပုံဖြစ်သွားတဲ့ ကျောင်းဆောင်ကြီးကို ကြည့်ပြီး ဆရာတော်မှာ ငိုကြွေးမိသည်ထိ ဝမ်းနည်းတသဖြစ်နေတယ်လို့ ဆိုပါ တယ်။ 

မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။ 

အဆိုပါကျောင်းတိုက်မှာ လွန်ခဲ့သော ထိုင်းသက္ကရာဇ် ၂၃၃၅ (လွန်ခဲ့သောနှစ်ပေါင်း ၂၃၄) နှစ်က မြန်မာပြည်က သစ်ကုန်သည် ၄ ယောက် ဖြစ်တဲ့ စန်းနန္ဒိ၊ စန်းဝိဇယ၊ စန်းပန်စုံ၊ စန်းအိန္ဒ (ရှမ်းဘုန်းကြီးလူထွက်အမည်ဟု ယူဆရ) တို့ စုပေါင်းလှူဒါန်းဆောက်လုပ်ထားတ ာဖြစ်တယ်၊ နံရံပေါ်မှာလည်း ရှမ်းစာတွေကမ္ပည်းထိုးထားပါတယ်၊ ကျောင်းနန္ဒာကိန် ဆိုသူ လက်သမားဆရာက ဦးဆောင်ပြီး မြန်မာ့အနုပညာလက်ရာနဲ့ ပေါ်တူဂီလက်ရာတို့ကို ပေါင်းစပ်တည်ဆောက်ထားတယ်။  ကနုတ်ပန်းတွေ၊ စေတီဘုရားပုထိုးပုံတော်၊ မြန်မာမူးမတ်နန်းတွင်းပုံတွေ ပန်းချီကား တွေမှာလည်း အလွန်လက်ရာမြောက်ပါတယ်။

အဲဒီအနုပညာလက်ရာတွေဟာ ကျောင်းတိုက်ရဲ့ ထူးခြားချက်ဖြစ်လို့ ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာဖြစ်တဲ့အပြင် လမ်းပန်းပြည်သူတို့ ဘာသာ၊ သာသနာရေး၊ ယဉ်ကျေးမှုပွဲ လမ်းသဘင်ကျင်းပရာနေရာ၊ ရပ်ကွက်နေပြည်သူတွေရဲ့ သာရေးနာရေး စုဝေးရာအရပ်ဖြစ်လို့ နှမြောလို့ မဆုံးဘူး၊  အလှူရှင်တွေရှိလို့ ကျောင်းဆောင်သစ် ပြန်ဆောက်ရရင်တောင်မှ အဲဒီရှေးဟောင်းလက်ရာတွေကို ဘယ်တော့မှ ပြန်ရတော့မှာမဟုတ်ဘူးလို့  ရှေ့မီနောက်မီ လူကြီး တယောက်က သတင်းထောက်တွေကို ပြောသွားပါတယ်။ 

Source: Chiangmai News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013