
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးခွင့်ပြုချက်နဲ့ လုပ်နေတဲ့ လောင်းကစားဝိုင်းတွေပါတဲ့ အာဝါဒေးပွဲမှာ မျက်လှည့်ပြရင်း ကလေးငယ်တယောက် မီးလောင်ဒဏ်ရာ အပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၁၁ အရွယ် ကလေးဟာ ဇန်နဝါရီ ၃၁ ရက် အာဝါဒေးပွဲမှာ ဓာတ်ဆီလောင်းပြီး မီးရှို့ မျက်လှည့်ပြရာကနေ မီးလောင်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။
ဒေသခံ တယောက်က “မျက်လှည့်ပြရင်းဖြစ်တာလို့ သိရတယ်။ ကလေးဒဏ်ရာက နည်းနည်းပြင်းတယ်။ မစိုးရိမ်ရတော့ဘူးလို့ကြားတယ်။ မီးလောင်အောင် လုပ်တယ်ဆိုပြီး မျက်လှည့်ပြရာမှာပါတဲ့ အမျိုးသားကို ဖမ်းဆီးသွားတယ်” လို့ပြောပါတယ်။
အာဝါဒေးပွဲဆိုဟာ ပျော်ပွဲ ရွှင်ပွဲ ခေါင်းစဉ်နဲ့ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ ခြောက်ကောင်ဝိုင်းလို အလာင်းကစား ပွဲပြုလုပ်တဲ့ပွဲဖြစ်ပါတယ်။ စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးခွင့်ပြုချက်နဲ့ ဇန်နဝါရီ ဒုတိယအပတ်လောက်ကတည်းက စတင်ပြီး ရဲတွေ၊ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်က မြေပြင်မှာ ဦးစီးလုပ်နေတာလို့ သိရပါတယ်။
ဒေသခံ ရပ်မိရပ်ဖတယောက်က “စစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်တွေက လုံခြုံရေးယူပေးထားတာ။ တရားမဝင်တဲ့ အလောင်းကစားတွေပါလည်း ဘယ်သူက တိုင်ရဲမှာလဲ။ တော်တော်စည်ကားနေတာပဲ” လို့ ပြောပါတယ်။
အာဝါဒေးပွဲမှာ အရပ်သားတွေက ရွှေထည်ပစ္စည်းတွေနဲ့ မပြောင်းရွှေ့နိုင်တဲ့ လယ်ယာမြေတွေ၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုလာ၊ ဘက်ထရီ စတဲ့ပစ္စည်းတွေပါ ပေါင်နှံရောင်းချကာ လာရောက်ဆော့ကစားနေကြလို့ မိသားစု ပြဿနာတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေအပြင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီက အရပ်သားတွေ တော်လှန်ရေးကို စိတ်ပါဝင်စားမှုမရှိအောင် အခုလို အာဝါဒေးလို့ခေါ်တဲ့ လောင်းကစားပွဲတွေပါတဲ့ ပွဲတွေကို လုပ်ခိုင်းနေတာလို့ ဒေသခံတွေက ဆိုပါတယ်။


