
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့မှာ ဇန်နဝါရီ ၂၆ ရက်က မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မနေ့ညနေ ၆ နာရီကျော်က အမှတ် ၉ ရပ်ကွက်၊ အေးရိပ်သာ ၆ လမ်းမှာရှိတဲ့ ဦးချိုတူးရဲ့နေအိမ် မီးဖိုမီးကတဆင့် အိမ်ဘေးအကာထရံကို မီးကူးစက်ရာကနေ စတင်လောင်ကျွမ်းခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “ထင်းမီးဖိုနဲ့ ထမင်းအိုးတည်ထားရင်း အိမ်ဘေးအကာကို မီးကူးသွားတာ။ ဦးချိုတူးဆိုသူရဲ့အိမ်ကနေ မီးစတင်လောင်တာ။ နောက်အိမ်တလုံးပါ ကူးစက်သွားတာ။ အားလုံး အိမ်က နှစ်လုံးပေါ့” လို့ ပြောပါတယ်။
အဲဒီ မီးလောင်မှုဖြစ်စဉ်ကြောင့် အလျား ၃၀ ပေ၊ အနံ ၄၀ ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် ၂ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့ခံတယောက်က “လူတွေ ထိခိုက် သေဆုံးတာ မရှိဘူး။ မီးသတ်က အချိန်မီ ငြှိမ်းသတ်နိုင်လို့ပါ။ အိမ်တွေတော့ ဆုံးရှုံးတယ်။ အိမ်တွေက တဆက်တည်းရှိနေတာ။ အချိန်မီ မီးမထိန်းနိုင်ရင် အခုထက် ဆုံးရှုံးတာများမှာ” လို့ ပြောပါတယ်။
မီးလောင်မှုကို မော်လမြိုင်ကျွန်းမြို့နယ် မီးသတ်ဦးစီးဌာနက ဒုတိယမီးသတ်ဦးစီးမှူး ဦးဆောင်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၈ ယောက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ယောက်နဲ့ ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ညနေ ၆ နာရီ ၃၄ မိနစ်မှာ လုံးဝ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ မီးစတင်လောင်ကျွမ်းတဲ့ နေအိမ်ပိုင်ရှင် ဦးချိုတူးကို မော်လမြိုင်ကျွန်းမြို့နယ်ရဲစခန်းက (ပ)/၁၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထား ပါတယ်။


