
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ အုပ်ရှစ်ကွင်းကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ ဇန်နဝါရီ ၂၅ ရက် မနက် ၉ ခွဲက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃၅ လုံးအထိ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့သူတွေက ပြောပါတယ်။
တိုင်းမီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “မီးလောင်မှုက မီးကြွင်းမီးကျန်ကတဆင့် အိမ်ထရံကို ကူးစက်ပြီး မီးလောင်မှုဖြစ်တာ။ အိမ်ခြေ ၃၅ လုံး မီးလောင်ဆုံးရှုံးတာ ဟုတ်ပါတယ်” လို့ ပြောပါတယ်။
အဲဒီမီးလောင်မှုကြောင့် လူနဲ့တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘဲ ဒေသခံတွေနဲ့ ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနတို့က ပူးပေါင်းမီးငြှိမ်းသတ်မှုကြောင့် မနက် ၁၁ နာရီကျော်ကျော်မှာ မီးလုံးဝငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးဘေးသင့် ဒေသခံတယောက်က “အိုးမဲ့အိမ်မဲ့ ဖြစ်တဲ့အထိ ဖြစ်သွားတဲ့သူတွေ မနည်းဘူး။ လူတွေ ထိခိုက်မှုမရှိတာဘဲ တော်လှပြီ။ မီးလောင်တဲ့အိမ်တွေက အမျိုးအစားအစုံပဲ။ အချိန်တော်တော်ကြာကြာ မီးငြှိမ်းသတ်ခဲ့တာ” လို့ ပြောပါတယ်။
နေအိမ်မီးလောင်ဆုံးရှုံးသွားတဲ့ မီးဘေးသင့် ဒေသခံတွေဟာ လက်ရှိမှာ ယာယီနေထိုင်ဖို့နဲ့ စားဝတ်နေရေးအတွက် အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Photo: MV


