မွန်ပြည်နယ် မုဒုံမြို့နယ်က ကတုံးပေါ်ကျေးရွာမှာ ဒီနေ့ ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ်က မီးလောင်ကျွမ်းတာကြောင့် အိမ်ခြေ ၆၀ နီးပါး ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘယ်ကနေစတင် မီးလောင်ကျွမ်းတယ်ဆိုတာကို မသိရသေးပေမဲ့ လေတိုက်နှုန်းမြင့်တာကြောင့် ကတုံးပေါ်ရွာ မြောက်ပိုင်းတခုလုံးနီးပါး မီးလောင်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “လေပင့်လို့ မီးလောင်တဲ့အိမ်များသွားတာ။ မီးသတ်ကားတွေရောက်နေပြီ။ လေကတိုက်နေတော့ တနေရာကနေ တနေရာကို ခုန်ကူးပြီး မီးကလောင်နေတာ။ အခုထိတော့ မီးငြိမ်းသတ်နေရဆဲပဲ။ အသေးစိတ်ကိုတော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။
ကတုံးပေါ်ရွာဟာ ရွာကြီးတရွာဖြစ်ပြီးတော့ မီးလောင်မှုဖြစ်တာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးကြရပြီး မိသားစုဝင်ရာချီ မီးဘေးသင့် သွားတယ်လို့ သိရပါတယ်။





