
ဆွစ်ဇာလန်နိုင်ငံမှာ လူအယောက် ၄၀ သေဆုံးခဲ့တဲ့ နှစ်သစ်ကူးအကြို ဘားမီးလောင်မှာ သေဆုံးသူ ၁၆ ယောက်ကို ထပ်ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်မှာ ပြောပါတယ်။
ဒါဟာ လတ်တလော ဆွစ်ဇာလန်သမိုင်းမှာ အဆိုးရွားဆုံးဘေးအန္တရာယ်တွေထဲက တခုလို့လည်း ပြောပါတယ်။
အခုဖော်ထုတ်နိုင်သူတွေထဲမှာ ဆွစ်ဇာလန် နိုင်ငံသား ၁၀ ယောက်၊ အီတလီနိုင်ငံသား ၂ ယောက်၊ အီတလီ-ယူအေအီး ၂ နိုင်ငံရဲ့ နိုင်ငံသားအဖြစ် ခံယူထားသူ တယောက်၊ ရိုမေးနီးယားနိုင်ငံသား တယောက်၊ ပြင်သစ်နိုင်ငံသားတယောက်နဲ့ တူရကီနိုင်ငံသားတယောက်တို့ ပါတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သေဆုံးသူတွေဟာ အသက်အငယ်ဆုံး ၁၄ နှစ်ကနေ အကြီးဆုံး ၃၉ နှစ်အရွယ်တွေ ဖြစ်ပြီး အလောင်းတွေရဲ့ နာမည်တွေကိုတော့ မဖော်ပြထားပါဘူး။
ဆွစ်ဇာလန်တောင်ပိုင်း ခွန်စ်မွန်တာနာ တောင်ပေါ်အပန်းဖြေစခန်း မီးလောင်မှုအတွင်း သေဆုံးသူ စုစုပေါင်း အယောက် ၄၀ နဲ့ ဒဏ်ရာရသူ ၁၁၉ ယောက်ရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါမီးလောင်မှုနဲ့ ပတ်သက်ပြီး ဘားဆိုင်ကို စီမံအုပ်ချုပ်တာဝန်ယူထားတဲ့ ပြင်သစ်နိုင်ငံသား ဇနီးမောင်နှံကို ရဲတပ်ဖွဲ့က ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။
Source: Reuters


