နေပြည်တော်၊ ပျဉ်းမနားမှာ ဒီဇင်ဘာ ၃၁ ရက်က တရက်တည်း မီး ၂ ကြိမ်လောင်ပြီး နေအိမ် အလုံး ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
ညနေ ၆ နာရီ ၅၅ မိနစ်လောက်က ပျဉ်းမနားမြို့၊ ရန်အောင် ၂၊ ရန်နိုင်ရပ်ကွက်မှာ မီးလောင်လို့ ပျဉ်းမနားအရန်မီးသတ်အဖွဲ့က ရေသယ်ယာဉ်နဲ့ စတင်ငြှိမ်းသတ်ခဲ့ပြီး ပျဉ်းမနားမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်တွေ ရောက်ရှိပြီး ပူးပေါင်းငြှိမ်းသတ်ခဲ့တယ်လို့ ပျဉ်းမနား အရန်မီးသတ် ကိုဟိန်းအဖွဲ့ဆီက သိရပါတယ်။
အဲဒီနောက် မီးများလာလို့ ည ၇ နာရီ ၁၀ မိနစ်အချိန်မှာ Level 1 အဆင့်ယာဉ်အုပ်စု ရောက်ရှိငြှိမ်းသတ်ပြီး နောက် ၁၀ မိနစ်အကြာမှာတော့ Level 2 အဆင့် မီးသတ်ယာဉ်အုပ်စုနဲ့ လာရောက် ငြှိမ်းသတ်ခဲ့ရပါတယ်။
ည ၈ နာရီအချိန်မှာ မီးငြိမ်းသွားပြီး စုစုပေါင်း အိမ်ခြေ ၆၂ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ပျဉ်းမနားအရန်မီးသတ် ကိုဟိန်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဘယ်ကနေ စလောင်တယ်ဆိုတာနဲ့ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။
မနက်အစောပိုင်း ၁ နာရီ ၄၃ မိနစ်အချိန်ကလည်း ပျဉ်းမနားမြို့၊ မင်္ဂလာ ၃ လမ်းမှာ မီးလောင်တဲ့သတင်းရလို့ ပျဉ်းမနားမြို့နယ် မီးသတ်စခန်း၊ ရွာကောက်နယ်မြေစခန်းနဲ့ ဘောဂဝတီ နယ်မြေစခန်းတို့က မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ပျဉ်းမနား မီးသတ်စခန်းခွဲနဲ့ အရန်မီးသတ်တို့က ရေသယ်ယာဉ်တွေနဲ့ ငြှိမ်းသတ်ရာမှာ ၁ နာရီ ၅၇ မိနစ်မှာ မီးငြိမ်းသွားပြီး အိမ် ၂ လုံး ပျက်စီးတယ်လို့ ပျဉ်းမနားအရန်မီးသတ်ဆီက သိရပါတယ်။







