
မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့ထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ ရက်မှာ လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဗန်းမောက်မြို့မဈေး မီးလောင်ပျက်စီးခဲ့ပြီး ဆေးရုံဝန်ထမ်းအိမ်ရာလည်း ထိခိုက်ပျက်စီးသွားပါတယ်။
မနေ့ မနက်အစောပိုင်းက စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့ တာကြောင့် ဗန်းမောက်မြို့မဈေးထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဈေးဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ နယ်မြေခံ တော်လှန်ရေးရဲဘော်တယောက်က ပြောပါတယ်။
ဒါ့အပြင် ဆေးရုံဝန်ထမ်း အိမ်ရာမှာလည်း ဗုံးတလုံးကျရောက်ပေါက်ကွဲခဲ့ပြီး ၂ ထပ်ဆောင် ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က“ဗန်းမောက်ဖြစ်စဉ်က မနက် ၅ နာရီခွဲလောက်မှာ သူတို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်တယ်။ ဂျက်ဖိုက်တာနဲ့ လာပြီးတော့ ဗုံး ၂လုံးချတယ်။ မြို့ထဲ မြို့မဈေးထဲကို တလုံးကျတယ်။ မြို့မဈေးကတော့ ခန့်မှန်း ဆိုင်ခန်းပေါင်း ၁၀၀ ကျော် အကုန်လုံး မီးလောင်သွားတယ်။ နောက်တလုံးကတော့ ဆေးရုံဝန်ထမ်းအိမ်ရာကို တည့်တည့်ကျတယ်။ ကျသွားတဲ့အနေအထားမှာ ၂ ထပ်ဝန်းကျင်က ပျက်စီးသွားတယ်။ ပြီးတော့ သူတို့ မြေပြင်ကနေ စစ်ကြောင်းလာထိုးတယ်။ SNA နဲ့ စကမ အဖွဲ့တို့ပေါ့။ လေကြောင်းနဲ့ တိုက်ခိုက်ပြီး ခဏအကြာမှာပဲ မြေပြင်ကနေ စစ်ကြောင်းလာထိုးတယ်”လို့ ပြောပါတယ်။
ဒီဇင်ဘာလက စတင်ပြီး စစ်ကောင်စီက စစ်ရေးတင်းမာနေတဲ့ ဗန်းမောက်မြို့ကို မကြာခဏ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာလည်း စစ်တပ်က ဗန်းမောက်မြို့ နားပင်ရွာနဲ့ ဗန်းမောက်အနောက်ဘက်ရှိ ကျေးရွာတချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း တကျောင်းပျက်စီးခဲ့ပြီး ဘုန်းကြီးတပါး အပါအဝင် ဒေသခံ ၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ပြီးတဲ့နောက် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့ကိုအနောက်ဘက်ကနေ ထိုးစစ်ဆင်နေခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးရဲဘော်က ပြောပါတယ်။
“သူတို့အနေနဲ့ စစ်ကြောင်းပြန်လည်ထိုးစစ်ဆင်တာနားထားတာ တပတ်လောက်ရှိသွားပြီ။ အခု ၂၆ ရက်နေ့မှာ ပြန်ထိုးစစ်ဆင်လာတာ။ သူတို့အနေနဲ့ အင်အားဖြည့်တင်းပြီး ပြန်လည် ထိုးစစ်ဆင်လာတယ်လို့ သုံးသပ်ရပါတယ်။ လေကြောင်းပစ်ကူလာတယ်။ မနက် ၅ နာရီဝန်းကျင်မှာ တစ်ကြိမ် ၁၀ နာရီဝန်းကျင်မှာ တစ်ကြိမ် လာပစ်တာရှိတယ်။ မြေပြင်ကနေ စစ်ကြောင်းထိုးတယ်။”
ရှမ်းနီအမျိုးသားတပ်မတော် SNA အဖွဲ့က အဓိက ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး SNA နဲ့ စစ်ကောင်စီတပ်တွေက မြို့ အနောက်ဘက်ကို ဆုတ်ခွာသွားခဲ့ပါတယ်။
အဲဒီနောက် SNA တပ်ဟာ စစ်ကောင်စီတပ်ရဲ့ အကူအညီနဲ့ ဗန်းမောက်အနောက်အခြမ်းကနေ ထိုးစစ်ပြန်ဆင်လာတာကြောင့် မြို့အနောက်ဘက်ခြမ်း တမိုင်လောက် အကွာရှိ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း(နတလ) ကုန်းအပြင် မြို့အနောက်ဘက် မြို့ပြင်ရှိ နေရာအများစုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့နဲ့ မြို့အနီးတဝိုက်မှာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲပဲ ဖြစ်ပါတယ်။
ဟန်န


