
ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင်ထဲမှာ ဇန်နဝါရီ ၇ ရက် ဒီမနက်စောစောက အမြန်ရေယာဉ် စပိဘုတ်လှေ အစီး ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ MCOT ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီနေ့မနက် ၄ နာရီလောက်က ဖူးကက်မြို့နယ် အောဝ်ချလောင်ပင်လယ်ဝမှာ တန်းစီပြီး ကျောက်ချထားတဲ့ စပိဘုတ်လှေတွေ မီးလောင်နေကြောင်း သတင်းပေးပို့ချက် ရတာကြောင့် နယ်မြေထဲရှိ မီးသတ်ဌာနတွေ အကြောင်းကြားပြီး မီးသတ်ကားတွေနဲ့အတူ သွားရောက်စစ်ဆေး ငြှိမ်းသတ်ခဲ့တယ်လို့ အောဝ်ချလောင်နယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ကမ်းကပ်ထားတဲ့ စပိဘုတ်တွေ တစီးပြီးတစီး မီးကူးစက် လောင်ကျွမ်းနေတယ်၊ နယ်မြေအသီးသီးက မီးသတ်ကားတွေ ဝိုင်းငြှိမ်းသတ်ပေမဲ့ လေတိုက်ခတ်မှု ပြင်းထန်တာကြောင့် မီးစတွေဟာ အနီးနားရှိ စပိဘုတ်ဆီ အလျင်အမြန် ကူးစက်ပြီး လောင်ကုန်တယ်၊ မနက်မိုးလင်းတဲ့အထိ မီးလောင်နေတာ အတိုင်းသားမြင်နေရပြီး မီးငြှိမ်းသတ်ချိန် ၃ နာရီကြာမှ ထိန်းချုပ်နိုင်တယ်လို့ အောဝ်ချလောင်နယ်မြေ ရဲတပ်ဖွဲ့က ပြောပါတယ်။
ချလောင်ဆိပ်ကမ်း အာဏာပိုင်ကလည်း မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရသူတော့ မရှိဘူး၊ ဒါပေမဲ့ စပိဘုတ် အနည်းဆုံး ၂၂ စီး မီးထဲပါသွားတယ်၊ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ဆိုပါတယ်။
ကနဦး သိရတာကတော့ ရပ်နားထားတဲ့ စပိဘုတ်တစီးကနေ ပေါက်ကွဲလောင်ကျွမ်းတာဖြစ်ပြီး မီးပွားတွေကနေ အနီးနားက စပိဘုတ်တွေဆီ ကူးစက်သွားတယ်၊ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ဘတ် ၃၈ သန်းခန့်ရှိမယ်လို့ ခန့်မှန်း ပြောဆိုသွားပါတယ်။
Source: Phuket News / MCOT News


