
ထိုင်းပြည်သူ့ပါတီ (People's Party) ခေါင်းဆောင် နတ်ထဖုန်းရူအန်ပညာဝတ် ဟာ ဖေဖော်ဝါရီ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ Thai PBS ရုပ်သံရဲ့ ကောက်ခံတဲ့ လူထုစစ်တမ်းအရ သိရပါတယ်။
ဒီစစ်တမ်းကို Sripatum University နဲ့ ပူးတွဲကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၃ ရက်ကနေ ဇန်နဝါရီ ၂ ရက်အတွင်း ကောက်ယူခဲ့တဲ့ စစ်တမ်းဟာ ဒေသအသီးသီးမှာရှိတဲ့ ၁၈ နှစ်အထက် အသက်အုပ်စုအားလုံး၊ ပညာရေးနဲ့ အလုပ်အကိုင်နောက်ခံ အမျိုးမျိုးက ထိုင်းနိုင်ငံသား ၂,၆၈၃ ယောက်ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင် ဘယ်သူ့ကို ဖြစ်စေချင်သလဲဆိုတဲ့ မေးခွန်းမှာ နတ်ထဖုန်းကို ရွေးချယ်ခဲ့သူက ၅၇ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
အဲဒီနောက်မှာမှ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့တူ ယော့ဒ်ချနန်ဝုန်းဆဝပ်က ၁၈ ဒသမ ၂ ရာခိုင်နှုန်း၊ ဒီမိုကရက်ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း အဖိဆစ်ဝေ့ချာချီဝက ၇ ဒသမ ၃ ရာခိုင်နှုန်းနဲ့ အသီးသီးရပ်တည်နေပါတယ်။
လက်ရှိ အိမ်စောင့်ဝန်ကြီးချုပ် ဖုန်းကျိုင်းထိုင်းပါတီက အနုထင်းချန်းဝီရကွန်း ကတော့ ထောက်ခံသူ ၆ ဒသမ ၇ ရာခိုင်နှုန်းနဲ့ နံပါတ် ၄ နေရာမှာပဲ ရှိနေပါတယ်။
နံပါတ် ၅ နေရာမှာတော့ Thai Economic ပါတီက ဗိုလ်ချုပ်ကြီး ရန်းဆီ ကစ်သီယန်းဆပ်က ရပ်တည်နေပါတယ်။ ၃ ရာခိုင်နှုန်းကတော့ ဘယ်သူ့မှ မရွေးရသေးဘူးလို့ ဖြေဆိုခဲ့ကြပါတယ်။
ပါတီအလိုက် ယုံကြည်မှုအပိုင်းမှာလည်း ပြည်သူ့ပါတီကပဲ ၅၈ ရာခိုင်နှုန်းကျော်နဲ့ ထိပ်ဆုံးက ရှိနေပါတယ်။
ပြည်သူတွေအနေနဲ့ အစိုးရသစ်ဆီကနေ အဓိက ဖြေရှင်းပေးစေချင်တဲ့ အကြောင်းအရာကတော့ စီးပွားရေးနဲ့ ကုန်ဈေးနှုန်း ပြဿနာဖြစ်ပြီး အဲဒီနောက်မှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို လိုလားနေကြပါတယ်။
ဖြေဆိုသူ ၈၇ ရာခိုင်နှုန်းကျော်ကတော့ မဲပေးတဲ့အခါ ကိုယ်စားလှယ်လောင်းရော ပါတီကိုပါ တူညီတဲ့ပါတီတခုတည်းကိုပဲ ရွေးချယ်ကြမယ်လို့ ဖြေဆိုထားပါတယ်။


