
၂၀၂၅ ခုနှစ်မှာ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားဦးရေ ၃၂ ဒသမ ၉ သန်း အထိရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၇ ဒသမ ၂၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ခရီးသွားနဲ့ အားကစား ဝန်ကြီးဌာနက အတည်ပြုပါတယ်။
ဒါဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလ မပါဘဲ ဆယ်စုနှစ်တခုအတွင်း ပထမဆုံးအကြိမ် ကျဆင်းမှုလည်း ဖြစ်ပါတယ်။
တချိန်တည်းမှာ နိုင်ငံခြားသား ခရီးသွားတွေဆီက ရတဲ့ဝင်ငွေဟာ ဘတ် ၁ ဒသမ ၅၃ ထရီလီယံနဲ့ ၄ ဒသမ ၇၁ ရာခိုင်နှုန်းကို ကျဆင်းသွားပေမဲ့လည်း ပြည်တွင်းခရီးသွားလုပ်ငန်းနဲ့ အကျသက်သာအောင် ထိန်းထားနိုင်ခဲ့ပါတယ်။
အခုလိုမျိုး လာရောက်လည်ပတ်မှု အများဆုံး ၅ နိုင်ငံထဲမှာ မလေးရှား - ၄ ဒသမ ၅ သန်း၊ တရုတ် - ၄ ဒသမ ၄ သန်း၊ အိန္ဒိယ - ၂ ဒသမ ၄ သန်း၊ ရုရှား - ၁ ဒသမ ၈ သန်းနဲ့ တောင်ကိုရီးယား - ၁ ဒသမ ၅ သန်းစီ ပါဝင်နေတာ တွေ့ရပါတယ်။
အဲဒီနောက် ထိုင်းနိုင်ငံသားတွေရဲ့ ပြည်တွင်းခရီးစဉ်ပေါင်း ၂၀၂ ဒသမ ၃၇ သန်းအထိ ရှိခဲ့တဲ့အလျောက် ဝင်ငွေအားဖြင့် ဘတ် ၁ ဒသမ ၁၆ ထရီလီယံ ရရှိထားပါတယ်။
ဒါကြောင့် ပြည်တွင်း-ပြည်ပ ခရီးသွားအားလုံး ပေါင်းလိုက်ရင် စုစုပေါင်းဝင်ငွေဟာ ဘတ် ၂ ဒသမ ၇ ထရီလီယံနီးပါး ရှိခဲ့သလို တနှစ်ထက်တနှစ် နှိုင်းယှဉ်ချက်အရလည်း ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
လက်ရှိ ၂၀၂၆ အတွက်တော့ ပြည်ပခရီးသွားဦးရေ ၃၆ ဒသမ ၇ သန်းနဲ့ ပြည်တွင်းခရီးစဉ်ပေါင်း ၂၀၅ သန်းကို ပြည့်မီဖို့ ရည်မှန်းထားတယ်ဆိုပြီး ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) ရဲ့ အကြီးအကဲဖြစ်သူက ပြောပါတယ်။
အဲဒီ ထိုင်းအစိုးရအေဂျင်စီကနေ ခရီးသွားလုပ်ငန်းတခုလုံးရဲ့ ဝင်ငွေကို ဘတ် ၂ ဒသမ ၇၈ ထရီလီယံ နဲ့ ၇ ရာခိုင်နှုန်း တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်အတွင်း ထိုင်းနိုင်ငံဟာ အိမ်နီးချင်း မြန်မာရဲ့ ငလျင်ဒဏ်သက်ရောက်မှုနဲ့ ကျားဖြန့်လုပ်ငန်းတွေ အပါအဝင် ကမ္ဘောဒီးယားနယ်စပ်က စစ်ရေးပဋိပက္ခတွေ၊ ဆိုးရွားပြင်းထန်လှတဲ့ ရေကြီးရေလျှံမှုတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် အခုလိုမျိုး ခရီးသွားလုပ်ငန်းကို ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။


