
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ သုံးမိုင်မြို့သစ်၊ ၃ ရပ်ကွက်၊ အေးသာယာလမ်းမှာ ဇန်နဝါရီ ၂၉ ရက် မနက် ၄ နာရီ ၁၈ မိနစ်ဝန်းကျင်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂ လုံး ဆုံးရှုံးခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့ သုံးမိုင်မြို့သစ်၊ အမှတ် ၃ ရပ်ကွက်၊ အေးသာယာလမ်းဟာ လပွတ္တာခရိုင် မီးသတ်စခန်းနဲ့ တဖာလုံခန့် ကွာဝေးတယ်လို့ သိရပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “လတ်တလောအနေနဲ့ မီးလောင်မှုက နေအိမ်တလုံးက ပေါ့ဆမီးကြောင့် စလောင်တယ်လို့ သိရပါတယ်။ မီးလောင်တဲ့ အခြေအနေ အသေးစိတ်နဲ့ ဆုံးရှုံးမှု အသေးစိတ်ကို စစ်ဆေးတွက်ချက်နေပါတယ်။ ဆင့်ပွားကူးစက်လောင်ကျွမ်းတာ မရှိပါဘူး” လို့ ပြောပါတယ်။
အဲဒီမီးလောင်မှုကြောင့် လူနဲ့တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာမရှိဘဲ မနက်အစောပိုင်း ၄ နာရီ ၃၆ မိနစ်ခန့်မှာ လုံးဝ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုနဲ့ပတ်သက်လို့ အရေးယူနိုင်ရေး သက်ဆိုင်ရာက စစ်ဆေးနေတယ်လို့ သိရပါတယ်။
မီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင် အယောက် ၂၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ယောက်တို့က ခရိုင်မီးသတ်ဦးစီးဌာနက မီးငြှိမ်းသတ်ယာဉ်တစီး၊ မီးသတ်ရေသယ်ယာဉ်တစီး၊ လပွတ္တာမြို့နယ် မီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ်တစီး၊ စုစုပေါင်း မီးသတ်ယာဉ် ၃ စီး အသုံးပြုပြီး မီးငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။


