
ထိုင်းနိုင်ငံမှာ ရွှေဈေးတွေ စံချိန်တင်မြင့်တက်နေချိန် ဘန်ကောက်မြို့၊ ဖရခနုံနယ်မြေ၊ ခလောင်းတွေရပ်ကွက်၊ ဆုခိုမစ်လမ်းရှိ ကုန်တိုက်ကြီးထဲမှာ ဇန်နဝါရီ ၃၁ ရက်ညက ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရပြီး ရွှေအလေးချိန် အနည်းဆုံး ၁၄၅ ဘတ်သားလောက်နဲ့ ရွှေရောင်းရငွေ ဘတ်တသိန်းကျော် ပါသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီနေ့ ည ၁၁ နာရီခွဲလောက်က အဆိုပါရွှေဆိုင်မှာ သံတံခါးအောက်ဆွဲချထားပြီး ဆိုင်ပိတ်သိမ်းဖို့ ပြင်ဆင်နေချိန် အနက်ရောင်ဝတ်ပြီး အညိုရောင်ဦးထုပ်ဆောင်းထားသူတယောက်က သံတခါးအောက်ကနေ ငုံ့လျှိုးဝင်ရောက်လာကာ ဆိုင်ထဲကို ဓာတ်ဆီတွေ လောင်းချတယ်၊ အဲဒီနောက် ဆိုင်ဝန်ထမ်းကို သေနတ်နဲ့ ချိန်ရွယ်ပြီး ဆိုင်ထဲရှိသမျှရွှေတွေ သူ့အိတ်ထဲ ထည့်ခိုင်းတယ်၊ မအော်နဲ့ အော်ရင် ဆိုင်ကိုမီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ရေးပါတယ်။
ဆိုင်ဝန်ထမ်းကလည်း ကြောက်ကြောက်နဲ့ တောင်းသမျှ ထုတ်ပေးလိုက်ပြီး ရွှေထည်အလေးချိန် ၁၄၅ ဘတ်သားလောက် ပါသွားတဲ့အပြင် ရွှေရောင်းရငွေ ဘတ် ၁၇၀,၀၀၀ ကျော်လည်း ပါသွားတယ်လို့ ဆိုပါတယ်။
အဆိုပါဆိုင်မှာ ပုံမှန်ဆိုရင် ည ၈ နာရီလောက်ဆို ဆိုင်ပိတ်လေ့ရှိပေမဲ့ အဲဒီနေ့က ရွှေအရောင်းအဝယ်ကောင်းလို့ ဆိုင်ပိတ်နည်းနည်းနောက်ကျတယ်၊ ရွှေထည်နဲ့ ငွေတွေ ရေတွက်ပြီး ပြန်ဖို့ပြင်နေချိန် ဓားပြတိုက်ခံရတာ ဖြစ်တယ်၊ ဓားပြတိုက်ချိန် ဆိုင်မှာ ဝန်ထမ်း ၂ ယောက်ပဲ ရှိပြီး ဓားပြထွက်သွားမှ ရဲကို ဖုန်းဆက်ရဲတယ်လို့ ဝန်ထမ်းက ထွက်ဆိုပါတယ်။
တာဝန်ရှိသူတွေက စီစီကင်မရာကို စစ်ဆေးရာမှာ ဓားပြဟာ ညနေခင်းကတည်းက ဆိုင်ကယ်နဲ့ ဝင်လာပြီး ဆိုင်ကယ်ရပ်နားကာ ဆိုင်ထဲမှာ အတန်ကြာ စနည်းနာနေတာ ဖြစ်တယ်၊ သူ့ကို မမှတ်မိအောင် မျက်မှန်တပ်၊ မျက်နှာဖုံးတပ်၊ လက်အိတ် ခြေအိတ် စွပ်ထားတာ တွေ့ရပါတယ်။
ဓားပြမှု ကျူးလွန်ပြီးတဲ့နောက် ကုန်တိုက်ရဲ့ စက်လှေကားကနေ အောက်ကို ဆင်းသွားတယ်၊ ဆိုင်ကယ်စီးပြီး ပြန်ထွက်သွားတယ်၊ ဆိုင်ကယ်မှာ နံပါတ်ပြားအတု တပ်ထားတယ်၊ ဓားပြရဲ့ လုပ်ပုံကိုင်ပုံမှာ သေသပ်နေတာကြောင့် ကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီး တယောက်ထက်မက ပူးပေါင်းကြံစည်တာဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
နောက်ဆက်တွဲတက်လာတဲ့ သတင်းတွေအရ အဆိုပါဓားပြဟာ ဘယ်သူဘယ်ဝါဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းသိရှိပြီး ဖြစ်တယ်၊ ခုရက်ပိုင်းတွင်း ဖမ်းဝရမ်းထုတ်နိုင်လိမ့်မယ်လို့ ရဲတပ်ဖွဲ့က ပြောတဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: CH7 TV News / MCOT News


