
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၄ ရှိ ဆရာတော်လုပ်ကြံခံရတဲ့ မဟာဗောဓာရုံကျောင်းအနောက်က ရွှေချွတ်လုပ်ငန်းအိမ်မှာ ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီလောက်က ဓားပြတိုက်ခံရလို့ ရွှေ ၅ ပိဿာနဲ့ ငွေသားသိန်း ၁,၀၀၀ ခန့် ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “အခု ဆရာတော်ဘုန်းဘုန်း သတ်ခံရတဲ့ ဘုန်းကြီးကျောင်းရဲ့ အနောက်ဘက်က ရွှေဆိုင်အိမ်မှာ ရွှေ ၅ ပိဿာနဲ့ ငွေသား ဓားပြတိုက်ခံရတယ်။ ငွေသား သိန်း ၁,၀၀၀ ဆိုလား ပါသွားတယ် ကြားတယ်။ ဆရာတော်ဘုန်းဘုန်း နာရေးမပို့ခင်လေး အချိန်မှာ လူ ၆ ယောက် အုပ်စုတစုက ဓားပြတိုက်သွားတာ” လို့ ပြောပါတယ်။
အဲဒီ ရွှေလုပ်ငန်းလုပ်တဲ့အိမ်က ရွှေသန့်စင်တာတွေ၊ ရွှေထည်ကုန်ချော ထုတ်တာတွေ၊ ရွှေအပေါင်ခံတာတွေ လုပ်တာဖြစ်ပြီး အဲဒီဆိုင်မှာက အော်ဒါထည်တွေ ပိုအပ်တာ များတယ်လို့ ဒေသခံလူငယ်တယောက်က ပြောပါတယ်။
ဇန်နဝါရီ ၂၈ ရက် မနက် ၆ နာရီလောက်က အဲဒီ ဓားပြတိုက်ခံရတဲ့ ရွှေလုပ်ငန်းအိမ် အရှေ့ဘက်ရှိ မဟာဗောဓာရုံကျောင်းတိုက်က စာချဆရာတော် ဘဒ္ဒန္တကေသရ ခေါ် ဦးကေ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရကာ ဖေဖော်ဝါရီ ၁ ရက်နေ့က ဈာပနပွဲလုပ်ခဲ့ပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ထဲ မကြာခဏ လုယက်တာတွေ၊ ဓားပြတိုက်ခံရတာတွေ၊ ခိုးမှုတွေ၊ ယာဉ်တိုက်မှုတွေ ဖြစ်ပွားနေပြီး ပြစ်မှုကျူးလွန်သူ တရားခံတွေကို ဖမ်းဆီးရမိတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။


