Home
နိုင်ငံတကာ
တရုတ်နိုင်ငံက လျှို့ဝှက်နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း အမေရိကန် စွပ်စွဲ
DVB
·
February 8, 2026
Photo: REUTERS/Tingshu Wang/File Photo

တရုတ်နိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်အတွင်း လျှို့ဝှက်နျူကလီးယား စမ်းသပ်မှုတခု ပြုလုပ်ခဲ့တယ်လို့ အမေရိကန်က ဖေဖော်ဝါရီ ၆ ရက်မှာ စွပ်စွဲပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ရုရှားနဲ့ တရုတ်တို့ကိုလည်း ပါဝင်ထည့်သွင်းထားတဲ့ နျူကလီးယား လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်အသစ်တရပ် လိုအပ်တယ်လို့လည်း တောင်းဆိုခဲ့ ပါတယ်။

အမေရိကန်နဲ့ ရုရှားတို့အကြား ချုပ်ဆိုထားတဲ့ New START နျူကလီးယားစာချုပ် သက်တမ်းကုန်ဆုံးပြီး နောက်တရက်အကြာ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ဖျက်သိမ်းရေး ညီလာခံမှာ အမေရိကန် လက်နက်ထိန်းချုပ်ရေးနဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး သောမတ်စ် ဒီးနန်းနိုးက ထုတ်ဖော်စွပ်စွဲလိုက်တာပါ။ 

ဒီးနန်းနိုးက “အမေရိကန်အစိုးရအနေနဲ့ တရုတ်နိုင်ငံက နျူကလီးယား ဖောက်ခွဲစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာကို သိရှိထားပြီး၊ အထူးသဖြင့် ပေါက်ကွဲအား တန်ချိန် ရာနဲ့ချီရှိတဲ့ စမ်းသပ်မှုတွေကို ပြင်ဆင်လုပ်ဆောင်ခဲ့တယ်”လို့ ပြောပါတယ်။

တရုတ်စစ်တပ်က ဒီစမ်းသပ်မှုတွေဟာ နိုင်ငံတကာ နျူကလီးယားစမ်းသပ်မှု တားမြစ်ရေး သဘောတူညီချက်တွေကို ချိုးဖောက်နေတယ်ဆိုတာကို သိရှိတဲ့အတွက် စမ်းသပ်မှုတွေကို ဖုံးကွယ်ဖို့အတွက်  မြေငလျင်လှုပ်ရှားမှု စောင့်ကြည့်စနစ်တွေကို မထိရောက်အောင် “decoupling” မြေငလျင် တိုင်းတာစက်တွေကို လှည့်စားတဲ့ နည်းလမ်းကိုသုံးပြီး ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်မှုကို  အာရုံလွှဲ လှည့်ဖြားခဲ့တယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၂ ရက်မှာ နျူကလီးယား ပေါက်ကွဲအား ထွက်ပေါ်စေတဲ့ စမ်းသပ်မှု “yield-producing test” တခုကို ပြုလုပ်ခဲ့တယ်လို့  ဒီနန်းနိုးက ပြောပါတယ်။  

တရုတ်နိုင်ငံရဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ သံအမတ်ကြီး ရှန်ကျန်းက ဒီစွပ်စွဲချက်ကို တိုက်ရိုက် မတုံ့ပြန်ဘဲ တရုတ်ဟာ နျူကလီးယားကိစ္စတွေမှာ တာဝန်ရှိရှိ ဆောင်ရွက်နေတယ်လို့သာ ပြန်လည် ပြောကြားခဲ့ပြီး လက်နက်ပြိုင်ဆိုင်မှုကို ဆိုးရွားစေသူက အမေရိကန်ဖြစ်တယ်လို့ ပြန်လည်စွပ်စွဲခဲ့ပါတယ်။

လက်ရှိမှာ တရုတ်အနေနဲ့ အမေရိကန်၊ ရုရှားတို့နဲ့ ဆွေးနွေးပွဲအသစ်တွေမှာ ပါဝင်မှာမဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ညီလာခံ တက်ရောက်ခဲ့တဲ့ သံတမန်တွေကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေဟာ အသစ်အဆန်းဖြစ်ပြီး စိုးရိမ်စရာကောင်းကြောင်း ပြောကြပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မှာ နျူကလီးယားထိပ်ဖူးပေါင်း ၁,၀၀၀ ကျော် ပိုင်ဆိုင်လာနိုင်တယ်လို့ အမေရိကန်က ခန့်မှန်းထားပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံက နျူကလီးယားထိပ်ဖူးအရေအတွက် ၆၀၀ လောက်သာရှိပြီး အမေရိကန်နဲ့ ရုရှားတို့မှာတော့ တနိုင်ငံကို ၄၀၀၀ လောက်စီ ရှိနေကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013