Home
မြန်မာသတင်း
ဘာသာရေး နှိပ်စက်ညှဉ်းပန်းမှု ကျူးလွန်သူများကို တားမြစ်သည့် ဥပဒေကြမ်း ဆီးနိတ်လွှတ်တော်၌ တင်သွင်း
DVB
·
February 9, 2026

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်စပ်သူတွေအပေါ် သက်ရောက်လာနိုင်တဲ့ ဘာသာရေး နှိပ်စက်ညှဉ်းပန်းမှု ကျူးလွန်သူတွေကို တားမြစ်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမေရိကန် ဆီးနိတ် အထက်လွှတ်တော်မှာ အဆိုတင်သွင်းထားပါတယ်။

ဘာသာရေး နှိပ်စက်ညှဉ်းပန်းမှု ကျူးလွန်သူတွေကို တားမြစ်ခြင်းဆိုင်ရာ ဥပဒေကြမ်း (Banning Perpetrators of Religious Persecution Act of 2026) ကို အမေရိကန် အထက်လွှတ်တော် (ဆီးနိတ်) မှာ ဇန်နဝါရီ ၁၅ ရက်က ဥပဒေအဖြစ်ပြဋ္ဌာန်းဖို့ အမတ်တွေက အဆိုတင်သွင်းထားတာပါ။

ဒီဥပဒေကြမ်းဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်နေတဲ့ နိုင်ငံတွေနဲ့ ဆက်စပ်သူတွေကို အရေးယူနိုင်ဖို့ ရည်ရွယ်ထားတာပါ။

အမေရိကန်လွှတ်တော်၊ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) ရဲ့ ဘာသာရေးလွတ်လပ်ခွင့်အတွက် အထူးစိုးရိမ်စရာ အခြေအနေ ရောက်နေတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတဲ့အတွက် စစ်ခေါင်းဆောင်တွေနဲ့ ဆက်စပ်သူတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တာပါ။

ဒီဥပဒေကြမ်း အတည်ဖြစ်လာခဲ့ရင် ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးခဲ့တဲ့ စစ်တပ်အရာရှိတွေကို ပြည်ဝင်ခွင့်(ဗီဇာ) ပိတ်ပင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နာမည်နဲ့တကွ လူသိရှင်ကြား ထုတ်ဖော်ကြေညာမှာဖြစ်တဲ့အတွက် သံတမန်ရေးရာမှာ တော်လှန်ရေးအင်အားစုတွေက အသာစီးယူနိုင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်း ဘာသာရေးဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ ကော်မရှင်နာတွေ အားလုံးနဲ့ တွေ့ခဲ့ဆုံပြီး ရှင်းပြခဲ့တယ်လို့ Institute of Peace and Federal Democracy တည်ထောင်သူ ဒေါက်တာဆာဆာက ပြောပါတယ်။ 

“ဒါက အင်မတန်အရေးကြီးတယ်။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဘုရားကျောင်းက ၃၄၀ ကျော် သူတို့ ဖျက်ဆီးတာကို ကျနော်တို့ မှတ်တမ်းတင်ခဲ့တယ်။ ထိုနည်းတူပဲ ဘာသာရေး အဆောက်အအုံတွေ၊ ဘုန်းကြီးကျောင်း အပါအဝင် မွတ်စလင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ် အကုန်လုံးပေါ့၊ ဘာသာရေးအဆောက်အအုံနဲ့ ပတ်သက်ရင်တော့ ၆၄၀ ကျော်၊ ၆၅၀ နီးပါး ဖျက်ဆီးထားတာကို တွေ့ရတယ်။ ဒီစာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးနေတဲ့သူတွေက အခုဆိုရင် လွှတ်တော်အမတ်တွေ ဖြစ်လာတယ်၊ အတုအယောင် ရွေးကောက်ပွဲမှတဆင့်၊ ဒါကိုလည်း ကျနော် ပြောနိုင်ခဲ့တယ်။ ရည်ရွယ်ချက်ရှိရှိ သူတို့ ဖျက်ဆီးထားတာကို တွေ့ရတယ်။ စနစ်တကျနဲ့ကို သူတို့လုပ်တာ ဖြစ်တယ်။ ချင်းပြည်နယ် တခုတည်းမှာကို သူတို့ဖျက်ဆီးထားတဲ့ ဘုရားကျောင်းက နည်းတာမဟုတ်ဘူး။ ၁၀၀ ကျော်က ချင်းပြည်နယ်တခုတည်းမှာကို သူတို့က ဖျက်ဆီးထားတာကို တွေ့ရတယ်။ ဒီဓာတ်ပုံတွေကိုလည်း ကျနော်တို့ US ခေါင်းဆောင်တွေ အကုန်လုံးကို ပေးခဲ့တယ်။ ဒီလို စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဗလီတွေ ဖျက်ဆီးနေတဲ့သူတွေက အခုဆိုရင်တော့ သူတို့က အစိုးရကို ဖွဲ့မယ်လို့ ပြောလာတယ်။ ဒါကို ခင်ဗျားတို့ ဝါရှင်တန်ဒီစီက ဘယ်လို လက်ခံမလဲပေါ့။ ဒါက ကျနော်တို့ ဒဲ့မေးခွန်းပဲ၊ ကျနော်တို့ မေးလို့ရတဲ့ဥစ္စာ ဖြစ်တယ်။”

ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီ၊ အသစ်ဖွဲ့မဲ့ အစိုးရနဲ့ လွှတ်တော်တို့ကို အမေရိကန်အစိုးရက အသိအမှတ်မပြုဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက ဆက်တိုက် တိုက်တွန်းနေတာပါ။

အမေရိကန်လွှတ်တော်အမတ်တွေက ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့ နိုင်ငံတွေကို အရေးယူဖို့ ဥပဒေကြမ်းအသစ် တင်ထားတဲ့အပြင် ရှိပြီးသား ဥပဒေတွေထဲက ပုဒ်မတချို့ကိုလည်း ပြင်ဆင်ဖို့ ကြိုးစားနေပါတယ်။

Burma Research Institute တည်ထောင်သူ ဇိုသုန်းမှုန်က “ဘာသာရေး နှိပ်စက်ညှဉ်းပန်းမှု ကျူးလွန်သူများကို တားမြစ်ခြင်း ဆိုပြီးတော့ ဥပဒေကို တင်ထားလိုက်တယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ Immigration and Nationality Act အဲဒီဥပဒေပုဒ်မ ၂၁၂ ကို သူတို့ ပြင်မယ်။ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်တဲ့သူတွေကို ဗီဇာထုတ်ပေးတော့မှာ မဟုတ်ဘူး။ ဗီဇာကို သူတို့ ကန့်သတ်ချင်ပြီ။ ဒါကြောင့်မို့ ဒီဥပဒေအသစ်ကို သူတို့ တင်သွင်းတယ်။ ဘယ်သူတွေလဲ ဆိုတာ အဲဒါ ၂ ပိုင်း ခွဲထားတယ်။ တပိုင်းကတော့ အစိုးရပေါ့၊ အစိုးရ ဆိုတဲ့နေရာမှာ ကျနော်တို့ဆိုရင်တော့ စစ်ကော်မရှင်ပေါ့နော် သူတို့ကိုယ်တိုင်။ ပြီးတော့ သူတို့မဟုတ်ရင်လည်း တခြားပုဂ္ဂိုလ်တွေ၊ ဥပမာ US မှာနေတဲ့လူတွေ၊ ဥပမာ သံရုံးကလူတွေ၊ ပြီးတော့ ကျနော်တို့က ဖြစ်စေချင်တာကတော့ သူတို့နဲ့ပတ်သက်တဲ့ ပါတီတွေပေ့ါ။ ကျနော်တို့ သိတယ်လေ၊ ဒီမှာ သူတို့ အများကြီးရှိတယ်၊ ကြံ့ခိုင်ရေးရဲ့လူတွေ ဒီမှာ အများကြီးရှိတယ်။ အဲဒါတွေကို ဗီဇာကို ပိတ်ပင်လိုက်မယ်ဆို သူတို့အကုန်လုံး ပြန်လိုက်ရုံပဲ။ သူတို့ မောင်းထုတ်လိမ့်မယ်။ ကျနော်တို့ အစီရင်ခံစာမှာလည်း ဒီဟာကို တောင်းဆိုတယ်။ အခု နိုင်ဂျီးရီးယား ဆိုလည်း သူက ပိတ်ပင်လိုက်ပြီလေ။ ကျနော်တို့လည်း နိုင်ဂျီရီးယားလို အခု ဒီမှာ ပတ်သက်တဲ့လူတွေကိုလည်း အကုန်လုံး ဗီဇာပိတ်ပင်ဖို့ ကျနော်တို့ တောင်းဆိုတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်အများစုဟာ လက်ရှိမှာ အမေရိကန်အစိုးရရဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် US ကို ပြည်ဝင်ခွင့်မရှိသလောက် အခြေအနေကို ရောက်နေတာပါ။

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုကြောင့် ပြည်ဝင်ခွင့် ထပ်ပိတ်ခံရလည်း သူတို့အတွက် အခြေအနေ မထူးပေမဲ့ သူတို့ရဲ့ နိုင်ငံတကာမှာ အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရရေး ကြိုးစားမှုအပေါ်မှာတော့ နာမည်မကောင်းတဲ့ သက်ရောက်မှု ထပ်ရှိလာမှာ ဖြစ်ပါတယ်။

ဒေါက်တာဆာဆာက “ဘာသာရေးကို ကစားတယ်၊ လူမျိုးရေးကို ကစားတယ်၊ သူတို့အတွက် ဆိုရင်တော့ ဘာသာရေးနဲ့ လူမျိုးရေးဟာ လက်နက်ဖြစ်တယ်။ ဒါကြောင့်မို့ ဘာသာရေး ခေါင်းဆောင်တွေ အားလုံးရော၊ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးပေါ့ ဘာသာရေးကို လက်နက်အဖြစ်နဲ့ အသုံးပြုဖို့ ကျနော်တို့ သူတို့ကို ခွင့်မပြုသင့်တော့ဘူး။ ကျနော်တို့အတွက် ဆိုရင်တော့ ယုံကြည်ခြင်းနဲ့ လူ့ဘဝတွေ အတူသွားနေတဲ့ဥစ္စာ ဖြစ်တယ်။ အတူရှင်သန်နေတာ ဖြစ်တယ်။ ဒါ ကျနော်တို့ Identity ပဲ။ ကျနော်တို့ရဲ့ Identity ကို လက်တဆုပ်စာ လူတွေရဲ့ လက်နက်အဖြစ်နဲ့ မပေးသင့်ရဘူး။ အဲဒါကတော့ ကျနော်တို့အနေနဲ့ အားလုံး ဂရုစိုက်သင့်တယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော် ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ဘာသာရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး IRF Summit ကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ဘာသာရေး၊ လူမျိုးရေး ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို အိမ်ဖြူတော် ဘာသာရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီ မြန်မာ့အရေး ဆောင်ရွက်သူတွေက သတင်းစကား မျှဝေခဲ့ကြပါတယ်။

ဇန်နဝါရီ ၁၃ ရက်က အထက်လွှတ်တော်ရုံးမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်ပြင်ပနိုင်ငံတွေမှာ ခရစ်ယာန်ဘာသာဝင်တွေအပေါ် နှိပ်စက်ညှဉ်းပန်းမှု အခြေအနေ လွှတ်တော်ကြားနာပွဲမှာလည်း စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ချင်းတိုင်းရင်းသား  ခရစ်ယာန် သင်းအုပ်ဆရာ တယောက်က သက်သေခံချက် ပေးခဲ့ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013