Home
မြန်မာသတင်း
ဧရာဝတီတိုင်း လွှတ်တော် ပြင်ဆင်နေ
DVB
·
February 9, 2026

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ တိုင်းလွှတ်တော်အစည်းအဝေးတွေ ပြန်လည် ပြုလုပ်နိုင်ဖို့ စစ်ကောင်စီက လွှတ်တော်ရုံးကို ပြင်ဆင်နေတယ်လို့ လွှတ်တော်ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ခေါင်းဆောင်ရဲ့ လမ်းညွှန်မှုနဲ့ စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဦးဆောင်ပြီး တတိယအကြိမ် ဧရာဝတီတိုင်း၊ တိုင်းလွှတ်တော်အစည်းအဝေးတွေ ပြုလုပ်နိုင်ဖို့ဆိုပြီး ဖေဖော်ဝါရီလ ပထမအပတ်ကစတင်ကာ လွှတ်တော်ရုံးကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။

ဧရာဝတီတိုင်းလွှတ်တော်ရုံးနဲ့ နီးစပ်သူတယောက်က “ဖေဖော်ဝါရီလအတွင်း အပြီးသတ် ပြင်ဆင်ထားဖို့ လမ်းညွှန်ထားတယ်။ ဝန်ကြီးချုပ်နဲ့ ညွှန်မှူးတွေက အဓိက ပြင်ဆင်တာကို ကွပ်ကဲလုပ်ဆောင်နေတာ” လို့ ပြောပါတယ်။

လွှတ်တော်ပင်မအဆောက်အအုံနဲ့ အစည်းအဝေးခန်းမ ပြင်ဆင်တာ၊ အထွေထွေရေးရာ ကော်မတီခန်းတွေ၊ Call Room၊ ကိုယ်စားလှယ်ဧည့်ရိပ်သာနဲ့ လုံခြုံရေး၊ သန့်ရှင်းရေး၊ ကျန်းမာရေးကိစ္စတွေ၊ လေအေးပေးစနစ်၊ မီးသတ်စနစ်၊ Audio and Video စနစ်တွေ၊ e-voting စနစ်တွေ၊ လွှတ်တော်ဝင်းအတွင်း စိမ်းလန်းစိုပြည်ရေး စတဲ့ လုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်နေတာလို့ သိရပါတယ်။

ဧရာဝတီတိုင်း လွှတ်တော်ရုံး ဝန်ထမ်းတွေနဲ့ နီးစပ်သူက “လွှတ်တော်ရုံးသာ ပြင်ဆင်နေတာ။ လွှတ်တော်ရုံးဝန်ထမ်းက မရှိသေးပါဘူး။ မခန့်ရသေးတာလား၊ မချပေးသေးတာလားတော့ မသိဘူး။ အရင် လွှတ်တော်ရုံးဝန်ထမ်းတွေက CDM လုပ်သူတွေ များတယ်လေ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းလွှတ်တော်ရုံးမှာ ထူးခြားချက်အနေနဲ့ CCTV ကင်မရာတွေကို ထပ်တိုး တပ်ဆင်ထားခိုင်းပြီး လုံခြုံရေးတိုးချထားဖို့ကို အဓိကထား ပြင်ဆင်နေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးလွှတ်တော်ရုံးမှာ ကနဦး ဦးစားပေးအနေနဲ့ တတိယအကြိမ် လွှတ်တော်ကျင်းပမဲ့ အစီအစဉ်တွေ၊ ရုံးလုပ်ငန်းတွေ ဆောင်ရွက်သွားမဲ့ ပုံစံနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခို နေရာချထားပေးဖို့ အစီအစဉ်တွေကို အဓိက လုပ်ဆောင်ထားခိုင်းတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈၊ ဇန်နဝါရီ ၁၁ နဲ့ ဇန်နဝါရီ ၂၅ ရက်တို့မှာ ၃ ကြိမ်ခွဲ ကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ တဖက်သတ် ရွေးကောက်ပွဲမှာတော့ စစ်တပ်ကျောထောက် နောက်ခံပြု ကြံ့ဖွံ့ပါတီက အနိုင်ရပြီး အစိုးရဖွဲ့ပြင်ဆင်နေပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013