ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်ကို စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ကလေး ၁ ယောက် အပါအဝင် အရပ်သား ၃ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရ၊ အိမ် ၁၇ လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကနေ ၅ ရက်အတွင်း အရပ်သား ပြည်သူတွေကိုပစ်မှတ်ထားပြီး ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ခမရ ၄၃၉ တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ခင်ကြီးကျေးရွာ၊ လှေဒုံးကျေးရွာနဲ့ ငတိုးခင်ကျေးရွာထဲက လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့လို့ အိမ် ၂ လုံးပျက်စီးခဲ့ပြီး မွန်းလွဲပိုင်းမှာလည်း ဒရုန်းနဲ့ ဗုံးကြဲလို့ နောက်ထပ် အိမ် ၇ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂ ရက်မှာလည်း ခမရ ၄၃၉ တပ်က ခင်ကြီးကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်ထွေးရီသန်း ထိခိုက်သေဆုံးခဲ့ရပြီး နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းမှာတော့ စောခီးကျေးရွာကို တောင်ငူလေတပ်ကတက်လာတဲ့ လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချတာကြောင့် အသက် ၉ နှစ်အရွယ် စောကလဲမူသော ထိမှန် သေဆုံးခဲ့ရပြီး ခမရ ၄၃၉ တပ်ကလည်း ခင်ကြီးကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် အသက် ၅၈ နှစ်အရွယ် ဦးမောင်မျိုး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနေ့ညနေပိုင်းမှာ ခလရ ၆၀ တပ်က ငထွေစုတ်ကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲသလို ၁၂၀ မမ လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ် စောတာနေသား ဒဏ်ရာရခဲ့ပါတယ်။
ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းမှာ မျက်နီကွင်းရွာထဲကို ခမရ ၄၃၉ တပ်ရင်းက ဒရုန်းနဲ့ ဗုံး ၆ လုံး ကြဲတာကြောင့် အိမ် ၄ လုံး ပျက်စီးခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။











