Home
မြန်မာသတင်း
ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
February 6, 2026
Photo: MOI

ပြည်တွင်းရွှေဈေး မတည်မငြိမ်ဖြစ်အောင်လုပ်တယ် ဆိုပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ ၃ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၅ ရက် ညမှာ ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ပေးနေတဲ့ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းဝယ်ကြဖို့ ရွှေလုပ်ငန်းရှင်တွေကို အသိပေးထားခဲ့ပေမဲ့ တချို့လုပ်ငန်းရှင်တွေကတော့ သတ်မှတ်နှုန်းထက် ပိုတဲ့ဈေးတွေနဲ့ ရွှေတုံးရွှေခဲတွေ ဝယ်ယူပြီး တရားမဝင်သိုလှောင်တာ၊ အရောင်းအဝယ်လုပ်တာတွေကို သတင်းရလို့ စုံစမ်းဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ ၁ ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ဟာ ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ်မတ်ထိန်းသိမ်းဖို့ တာဝန်ရှိသူတွေဖြစ်ပေမဲ့ သူတို့ကိုယ်တိုင်က ရွှေဈေးကွက်မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ပြီး ပြင်ပရွှေပေါက်ဈေးနှုန်းနဲ့ ရွှေတုံးရွှေခဲတွေ ဝယ်ယူသိုလှောင်တာ၊ ရောင်းဝယ်တာတို့ကို တွေ့ရှိရတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဦးမျိုးမြင့်ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလေးချိန်စုစုပေါင်း ၇၀ ကျပ်သားရှိတဲ့ အခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူခဲ့ပြီး အမြတ်တင်ရောင်းချဖို့ သိုလှောင်ခဲ့သလို ဦးမျိုးသူဝင်းကတော့ သူ့ရဲ့ရွှေဆိုင်တွေမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားကို ပြင်ပပေါက်ဈေးနဲ့ဝယ်ပြီး ရွှေ ၉၅၀ ကျပ်သားကို အမြတ်နဲ့ ပြန်ရောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဦးနေမျိုးထက်ကလည်း သူ့ရဲ့ရွှေဆိုင်တွေမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်ဈေးနဲ့ဝယ်ပြီး ရွှေ ၂၆၈ ကျပ်သားကို အမြတ်နဲ့ပြန်ရောင်းခဲ့တာကို စိစစ်တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူတို့ဟာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာပါ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရာရောက်လို့ အရေးယူမယ်လို့လည်း ဆိုပြီး မလိုက်နာရင် နောက်ထပ်လုပ်ငန်းရှင်တွေကိုလည်း အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၅ ရက်မှာ ရွှေရည်ညွှန်ဈေး ၁ ကျပ်သားကို ၆၉ သိန်းကျပ်လို့ စစ်ကောင်စီက သတ်မှတ်ထုတ်ပြန်ထားပေမဲ့ အပြင်ပေါက်ဈေးကတော့ ၁ ကျပ်သားကို ကျပ် ၁၀၅ သိန်းကျော် ရှိနေတာပါ။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် ဇွန်လတုန်းကလည်း ရွှေ ၁ ကျပ်သားကို ၅၇ သိန်းကျော်ချိန်မှာ မတည်မငြိမ်ဖြစ်အောင်လုပ်တယ်ဆိုပြီး လုပ်ငန်းရှင် ၂၀ ကျော်ကို ဖမ်းဆီးခဲ့ပါသေးတယ်။

၂၀၂၄ ခုနှစ်ကနေ စတက်ခဲ့တဲ့ ရွှေဈေးဟာ ကမ္ဘာ့ဈေးကွက်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၅,၆၀၀ အထိ တက်ခဲ့ပြီး အခုအခါ တအောင်စကို ၄,၈၃၀ ဒေါ်လာအထိ ပြန်ကျဆင်းလာသလို တကျပ်သားကို ကျပ် ၁၁၈ သိန်းအထိ တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးကလည်း ကျပ် ၉၇ သိန်းအထိ ပြန်ကျပြီးမှာ အခုအခါ ၁၀၅ သိန်းအထိ ပြန်တက်နေပါတယ်။

တဖက်မှာတော့ စစ်ကောင်စီရဲ့ ရွှေရည်ညွှန်းဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီနှောင်းပိုင်းအထိ တကျပ်သားကို ကျပ် ၆၁ သိန်းသာ သတ်မှတ်ထားပြီး အခု ဖေဖော်ဝါရီလဆန်းမှာ ကျပ် ၆၉ သိန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရွှေဆိုင်တွေကတော့ အဲဒီရည်ညွှန်းဈေးနဲ့ ရောင်းဝယ်ခြင်းမလုပ်ဘဲ ပြင်ပပေါက်ဈေးနဲ့သာ အရောင်းအဝယ်လုပ်ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013